ယူကရိန်းနိုင်ငံ၏ ကျန်းမာရေးလိုအပ်ချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အကြီးအကဲ ဂါဘရီယီးဆပ် ကိယက်ဗ်သို့ သွားရောက်

ကိယက်ဗ် မေ ၉

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဂါဘရီယီးဆပ်သည် ယူကရိန်းနိုင်ငံ၏ ကျန်းမာရေးလိုအပ်ချက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန် ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်သို့ မေ ၇ ရက်တွင် သွားရောက်ခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲသည် ယူကရိန်းကျန်းမာရေးဝန်ကြီး ဗစ်တာလီယာရှ်ကိုအပါအဝင် အခြားသော တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ယူကရိန်းနိုင်ငံအား အထောက်အပံ့များ မည်သို့ပေးအပ်နိုင်ကြောင်းနှင့် စပ်လျဉ်း၍ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့သည် ယူကရိန်းနိုင်ငံအား အထောက်အပံ့များ ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ က ပြောကြားသည်။

 

ယူကရိန်းနိုင်ငံ၌ ယူကရိန်း-ရုရှား ပဋိပက္ခဖြစ်ပွားခြင်းကြောင့် ဆေးရုံ၊ ဆေးခန်းပေါင်း ၄၀၀ နီးပါး ပျက်စီးမှုရှိခဲ့ကြောင်းလည်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်