ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော်      မေ     ၃၁

 

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်း ရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

 

ဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး က ဦးဆောင်ကော်မတီအနေဖြင့် ကုမ္ပဏီအလိုက် ပြည်ပမှ တင်သွင်းရာတွင် စနစ်တကျ ဖြစ်စေရေး၊ မျှမျှတတဖြစ်စေရေး၊ ပွင့်လင်း မြင်သာမှုဖြစ်စေရေးတို့ကိုလည်း ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အမှန်တင်သွင်းသည့်ပမာဏကို အခြေခံပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေ ဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းသွားမည်ကို အသိပေးပြောကြား လိုပါကြောင်း၊ အမှန်တကယ်သုံးစွဲမှုကြောင့် ထပ်မံလိုအပ်ချက်ရှိလျင်လည်းစိစစ်ပြီး ထပ်မံတင်ပြ/ထောက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

           

မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၏ စိစစ်တင်ပြချက် အရ ၂၀၂၄ ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန် () လအတွက် စုစုပေါင်း ဓာတ်မြေဩဇာတန်ချိန် ၆ ဒသမ ၇၉ သိန်းနင့်  ပိုးသတ်ဆေးတန်ချိန် ၁၀၉၂၂ တန်တို့ ထောက်ခံပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကုမ္ပဏီအလိုက် သွင်းကုန် လိုင်စင်ရရှိပြီးမှု၊ တင်သွင်းပြီးမှု၊ အကြောင်း အမျိုးမျိုးကြောင့် တင်သွင်းရန် နှောင့်နှေးမှုများရှိခဲ့ပြီး လိုင်စင်သက်တမ်းတိုးပေးထားမှုများအပေါ် ကုမ္ပဏီအလိုက် သွင်းအားစုများ ရောက်ရှိပြီး အခြေအနေတို့ကို ပြန်လည်တင်ပြပေးစေလိုကြောင်း၊ လိုအပ်သည့်အချက်အလက်များ ရရှိရေးကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ပေးထား ပါကြောင်း။

 

ရည်ညွှန်းဈေးနှုန်းများထုတ်ပြန်ပေးမှုအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ၅၀ ကီလိုတစ်အိတ် လျှင် ငွေကျပ် ၇၃၀၀၀ ကျပ်နှုန်း ဖြစ်လာသည့်အတွက် ရောင်းဈေးနှုန်းများ ကျဆင်းလာသည်ကို တွေ့ရမည်ဖြစ်ပြီး တောင်သူများအတွက် ဈေးနှုန်းသက်သာပါကြောင်း၊ သို့သော် ချိန်ကြာလာသည်နှင့်အမျှ ပြည်ပပေါက်ဈေး အပြောင်းအလဲရှိနိုင်သည့် အတွက်ကြောင့် လုပ်ငန်းစဉ်များ မြန်ဆန် သွက်လက်ရန် လိုအပ်သဖြင့် သက်ဆိုင်ရာဌာနများက မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန် မှာကြား လိုပါကြောင်း။

ယခု မိုးစပါးရာသီအတွက် သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းသက်သာ စေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ပူးပေါင်းကြီးကြပ်ဆောင်ရွက်ပေးကြရန် တိုက်တွန်း မှာကြားသည်။

 

ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် လျာထား ချက်များနှင့် ထောက်ခံပေးခဲ့မှုများကိုလည်းကောင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင် များအသင်း ကိုယ်စားလှယ်က လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် သမဝါယမနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြသည်။ ယင်းနောက် ဦးဆောင် ကော်မတီအဖွဲ့ဝင်များက မိမိတို့သက်ဆိုင်ရာ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းအကြံပြု ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သွင်းအားစုများ ဈေးသက်သာစွာဖြင့် အချိန်မီရရှိရေး ဆောင်ရွက်ရာတွင် မိုးစပါးစိုက်ပျိုးပြီးပါက ဆက်လက် ဆောင်ရွက်မည့် ဆီထွက်သီးနှံနှင့် ဝါစိုက်ပျိုးရေး စီမံကိန်းများအတွက်ပါ ကြိုတင်မျှော်တွေး စီစဉ်ဆောင်ရွက်ကြရန် မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)