ယူရို ၂၀၂၀ ဖိုင်နယ်ပွဲစဉ်နှင့် ပတ်သက်ပြီး အင်္ဂလန်အသင်းအပေါ် ဝေဖန်ပြောဆိုမှုများကို ဗြိတိန်ဝန်ကြီးချုပ် ပြင်းပြင်းထန်ထန်ဝေဖန်

လန်ဒန် ဇူလိုင် ၁၂

 

အင်္ဂလန်အသင်းနှင့် အီတလီအသင်းတို့၏ ယူရို ၂၀၂၀ ဖိုင်နယ်ပွဲစဉ်တွင် ပင်နယ်တီဖြင့် အီတလီကို ရှုံးသွားသော အင်္ဂလန်အသင်းအပေါ် လူမျိုးရေးဆိုင်ရာ မတော်မတရားပြောဆိုနေမှုများကို ဝေဖန်ရှုတ်ချကြောင်း၊ အင်္ဂလန် အသင်းအား ဆိုရှယ်မီဒီယာတွင် လူမျိုးရေးအရ မတော်မတရားပြောမည့်အစား သူရဲကောင်းများအဖြစ် ချီးကျူးဂုဏ်ပြုထိုက်ကြောင်းကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇူလိုင် ၁၂ ရက်တွင် ၎င်း၏တွစ်တာတွင် ရေးသားခဲ့သည်။

 

“ယင်းကဲ့သို့ စိတ်ပျက်ဖွယ်ပြောဆိုမှုများကို ပြောဆိုနေသူများကသာ ရှက်သင့်ကြောင်း”ကိုလည်း ရေးသားခဲ့သည်။

 

မာကတ်စ်ရက်ရှ်ဖော့ဒ်၊ ဂျာဒန်ဆန်ချိုနှင့် ဘူကာရိုဆာကာ တို့ သုံးဦးသည် ဇူလိုင် ၁၁ ရက်က အီတလီနှင့် ဗိုလ်လုပွဲတွင် ပင်နယ်တီနှင့်လွဲချော်ခဲ့သောကြောင့် ၎င်းတို့၏ အင်စတာဂရမ်နှင့် တွစ်တာအကောင့်များတွင် အပြစ်တင် ပြောဆိုခံနေရခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့သုံးဦးသည် ရှုံးနိမ့်မှုအတွက် အင်္ဂလန်အသင်း ပရိသတ်များ၏ ပြစ်တင်ဝေဖန်မှုများအပြင် မျောက်ပုံစံ စတစ်ကာများနှင့်ပါ ဝေဖန်ခံနေရခြင်းဖြစ်သည်။

 

မြို့တော်အတွင်းရှိ ရဲများကလည်း ယူရို ၂၀၂၀ ဗိုလ်လုပွဲအပြီးတွင် ဘောလုံးသမားများကို တိုက်ရိုက် ရည်ညွှန်းသည့် စိတ်အနှောက်အယှက်ဖြစ်သော ဝေဖန်မှုများကို တွေ့မြင်လာရကြောင်း၊ အဆိုပါစော်ကားမှုမျိုးသည် လက်သင့်ခံနိုင်စရာ မရှိကြောင်း၊ သည်းခံနိုင်ဖွယ်မရှိကြောင်းနှင့် စုံစမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ထို့ပြင် ကွန်ဆာဗေးတစ်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် တွမ်တူဂန်ဒတ်ကလည်း ဆိုရှယ်မီဒီယာကုမ္ပဏီများ အနေနှင့် အရေးယူပေးရန် တောင်းဆိုခဲ့သည်။

 

“ဆိုရှယ်မီဒီယာတွင် ကြော်ငြာများကို ဦးတည်သည့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ရှိသော်လည်း စံနမူနာယူရမည့် လူငယ်များအား ဝေဖန်စော်ကားနေမှုများကို ရပ်တန့်မှုမရှိကြောင်း ပြောခဲ့သည်။ ယခုကဲ့သို့ ရေးသားသူများသည် သနားဖွယ်ကောင်းကြောင်း၊ ၎င်းတို့ကို ဖော်ထုတ်ရန်လိုအပ်ကြောင်း၊ နောက်ဆက်တွဲ အကျိုးဆက်ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ရေးသားသူများအနေနှင့် အမုန်းတရားကိုသာ ရမည် ဖြစ်ကြောင်း ရေးသားထားသည်။

ကိုးကား- အေအက်ဖ်ပီ

ဘာသာပြန်- စုရည်