ယူတတ်လျှင်အမြတ်ရသည်၊ မိမိအိမ်သည်ပင် ကုသိုလ်စခန်းဖြစ်သည်

မိုးကေနိုင်

 

ယခုလိုကာလမျိုး ယူတတ်မည်ဆိုလျှင် ကိုယ့်အိမ်၊ ကိုယ့်ရာ၊ ကိုယ့်ပတ်ဝန်းကျင်သည် ကုသိုလ်များစွာ အရယူရန် တရားရိပ်သာကြီးပင်ဖြစ်ပါသည်။ မိမိ အိမ်ရာတွင် Home Quarantine လုပ်နေစဉ် သတိ၊ ဝီရိယ၊ ပညာအမြဲကပ်နေသူသည် ရောဂါသိ ဆေးရှိဆိုသလို ကြုံတွေ့နိုင်သည့် ဒုက္ခအပေါင်းမှ ရှောင်သွေ ဖယ်ရှားနိုင်ပါသည်။ ထိုကပ်ဘေးကြီးသည် မိမိမှာသာ မဟုတ်၊ ကမ္ဘာ့လူသား သန်းပေါင်းများစွာတွင်မှာပါ စိတ်သောကများစွာဖြင့် ဂယက်ရိုက်ခတ်ခံနေရသည် ဖြစ်ပါသည်။ အဖိတ်အစဉ် နည်းစေရန် များစွာသော အကန့်အသတ်များ၊ မဖြစ်မနေ ညွှန်ကြားကြပ်မတ်ထားချက်များ အောက်တွင် ပညာဉာဏ် အမြော်အမြင်ကိုရှေ့ထားကာ သတိကပ်၊ ဝီရိယအပြည့်ဖြင့် လိုက်နာဆောင်ရွက်ရမယ့် အချက်များကို တိတိကျကျလိုက်နာ ဆောင်ရွက်ရန် လိုအပ်လှပါသည်။

 

သဒ္ဓါတရားနှင့် ဒါနအခွင့်အခါ

 

ကြောက်နေကြရုံ၊ စိုးရိမ်သောက ဗျာပါဒများနေရုံဖြင့် မပြီးပါ။ ယခုလို အချိန်ကာလလေးသည် မြတ်စွာဘုရား၏ တရားတော်လာ ဒေသနာများကို နှလုံးသွင်းဆင်ခြင် အားထုတ်ရန် အကောင်းဆုံးအ ချိန်ကာလလေးတစ်ခုလည်း ဖြစ်ပါသည်။ ဖြူစင်သည့်စိတ်ထား၊ အကြင်နာတရားများဖြင့် ထက်သန်သော စေတနာသဒ္ဓါတရားများ ပြသဖို့ အခွင့်အလမ်းကောင်း တစ်ခုအဖြစ်လည်း ဆိုချင်ပါသည်။ အပူမီးများနှင့် လောဘ၊ ဒေါသ၊ မောဟတရားများ ထူပြောနိုင်သည့် အခိုက်အတန့်တွင် သတိရှေ့ဆောင်ပြီး ဆင်ခြင်ကြည့်လိုက်ပါက မိမိထံပါးတွင် ဒါနဆိုသော ကုသိုလ်တရားများလည်း ဖြစ်ပေါ်လာနိုင်ပါသည်။

 

မိမိပတ်ဝန်းကျင်တွင် လှူဒါန်းထောက်ပံ့ဖို့ လိုအပ်နေသောသူများ၊ နေရာများ လက်ညှိုးထိုးမလွဲ တွေ့နိုင်ပါသည်။ အသက်ရှူစက်စသည့် အသက်ကယ်ကိရိယာများ၊ ဆေးဝါးပစ္စည်းများ လိုအပ်နေသော ဆေးရုံများ ရှိနိုင်ပါသည်။ ဆရာဝန်၊ သူနာပြုများအတွက် ကူးစက်ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ၊ နှာခေါင်းစည်းများ၊ လက်သန့်စင်ဆေးရည်များ လိုလေသေးမရှိ ကြိုတင်မြော်တွေး၍ လှူဒါန်းမှု ပြုခြင်းသည် တက်ကြွစွာ တာဝန်ထမ်းရွက်နေသော ဆရာဝန်၊ ဆရာမတွေ၏ ခံယူချက်ကောင်းများကို များစွာအထောက်အကူ ပြုနိုင်ပါသည်။ အသွားအလာ ပိတ်ပင်ကန့်သတ်မှုများကြောင့် လူပုဂ္ဂိုလ်၊ သံဃာတော်များ၏ တွေ့ကြုံရမည့် စားဝတ်နေရေး အခက်အခဲများအပေါ် မိမိပြုလိုက်မည့် အလှူဒါနကြောင့် ရရှိလာမည်က မိမိအတွက် မဟာကုသိုလ် တစ်ပါးပင်ဖြစ်ပါသည်။

 

အထူးသဖြင့် မိမိပတ်ဝန်းကျင်တွင် အကူအညီ လိုအပ်နေသူများအတွက် အလေးအနက်ထား ဆောင်ရွက်စေချင်ပါသည်။ လိုအပ်နေသောအချိန်တွင် လိုအပ်နေသူများကို တစ်ပါးသူတို့ မတိုက်တွန်းရဘဲနှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်သည့် အားကြီးသော သဒ္ဓါ၊ ပြည့်စုံသော ပညာဉာဏ် အမြော်အမြင်တို့ဖြင့် ရှေ့သွားပြုပြီး လှူဒါန်းလိုက်သောအခါ မိမိ၏စေတနာကံသည် အလွန်အားကြီးသွားပါသည်။ ကာလဒေသ စသည်တို့ အများအပြားအားဖြင့် တွက်လိုက်မည်ဆိုလျှင် ရရှိသော မဟာကုသိုလ်စိတ် အပေါင်းသည် မရေမတွက် နိုင်အောင်ပင်ဖြစ်ပါသည်။

 

ပူဇော်ရမည့် အခါကောင်းနှင့် စောင့်ထိန်းရမည့်သီလ

 

ယခုလိုအချိန်ကာလသည် အနယ်နယ်အရပ်ရပ်က သံဃာတော်များက မိမိတို့၏ သီလအား၊ သမာဓိအား၊ ပညာအားများဖြင့် စုပေါင်းပြီး ကပ်ကြီးသုံးပါး ကင်းဝေးစေရန် ရည်ရွယ်ပူဇော်နေကြတဲ့ ကာလတစ်ခုလည်းဖြစ်ပါသည်။ ယခုဒီလို အခွင့်အခါကြုံခိုက် မိမိတို့၏ သီလ၊ သမာဓိမြဲမြံအောင် မိမိအိမ်မှာပင် ကြိုးစားရွတ်ဆို ပူဇော်အားထုတ်ကြလျှင်ဖြင့် အဆိုးထဲက အကောင်း၊ အရှုံးထဲ က အမြတ်ပမာ ကြီးစွာသော ကုသိုလ်တရားများရရှိမည် ဖြစ်ပါသည်။ ယခင်က မိမိအလုပ်ဖြင့် မိမိရွတ်ဖတ် ပူဇော်ပွားများခွင့် နည်းပါးနေသူများအတွက်လည်း အခွင့်အခါကောင်း တစ်ခုဖြစ်ပါသည်။ ထိုသို့ ဆင်ခြင်နှလုံးသွင်းတတ်လျှင် မိမိထံပါး၌ စွန့်ကြဲပေးကမ်း လှူဒါန်းလိုသော ဒါန၊ ကာယကံ၊ ဝစီကံ၊ အပြစ်များကို မဖြစ်စေရန် စောင့်ထိန်းလိုသော သီလ၊ မနောကံများ မဆိုးရွားစေရန် သမထ၊ ဝိပဿနာတရားများကို အားထုတ်လိုသော ဘာဝနာစသည့် ပုညကြိယာဝတ္ထုများလည်း ကိန်းအောင်းလာမည်မှာ မလွဲဧကန်ဖြစ်ပါသည်။

 

 

သီလမမြဲကြ၍ မစောင့်ထိန်းနိုင်ကြ၍ ဖြစ်ကြရသည့် ယခုလိုအချိန်လေးတွင် ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်ဖြင့် ကြိုးစားပြီး ခံယူဆောက်တည်ကြခြင်းသည် သင့်တင့်လျောက်ပတ်သော ဘဝတစ်ခု၏ အခြေခံ လိုအပ်ချက်လေးတစ်ခုကို ဖြည့်ဆည်းပေးရာလည်း ရောက်ပါသည်။ ကြုံတွေ့ရသည့် အနာရောဂါတွေ ကင်းဝေးရေးအတွက်လည်း အထောက်အပံ့ ပြုရာရောက်ပါသည်။ ယခုလိုအချိန်ကို အခွင့်ကောင်းယူပြီး ကြိုးစားဆောင်ရွက်လိုက်သည့် သီလကုသိုလ်သည် ယခုလိုကြုံတွေ့ရသည့် ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ရေးအတွက် နောင်သံသရာတွင် အကျိုးပေးမည့် အနိမ့်ဆုံးစံချိန်ဖြစ်သော အကျိုးတရား ရလဒ်ကောင်းများကိုလည်း ရရှိစေမည်ဖြစ်ပါသည်။

 

ဖိစီးမှုများနေရာတွင် သန့်ရှင်းမှုများ အစားထိုးနိုင်ပါစေ

 

မည်သူမဆို တစ်ချိန်မှာ အိုကြရ၊ နာကြရ၊ သေကြရမည်မှာမလွဲပါ။ ဒီလိုအချိန်တွင် သေချာသည့် အခွင့်အရေးတစ်ခုကို မလွတ်တမ်း အကျိုးရှိရှိဆုပ်ကိုင် နိုင်ကြပါစေရန် နှိုးဆော်လိုပါသည်။ ကျန်းမာနေတုန်းလေး၊ ဉာဏ်အလင်းရှိတုန်းလေး မှန်မှန်လေး လျှောက်လှမ်းနိုင်ဖို့ရန် တွန်းအားတစ်ခု ဖြစ်မည်ဟု ထင်ပါသည်။ လူဆိုတာ နာလာတဲ့အခါ သေခြင်းတရားကိုလည်း စဉ်းစားတတ်လာသည်။ ကပ်ဘေးကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် တွေ့မြင်ကြားသိနေရသည့် သေခြင်းတရားများကို ရင်ဆိုင်ခဲ့ကြရသူများသည် လွန်ခဲ့သောရက်များ၊ လများတုန်းက ယခုလိုအဖြစ်ဆိုးမျိုး ကြုံတွေ့ကြရမည်ဟု ဘယ်သူကမျှ ထင်ခဲ့ကြမည် မဟုတ်ပါ။ ကိုယ့်ရှေ့မှာ မမြဲတဲ့ တရားများကိုလည်း မြင်နေ ကြားနေကြရပါပြီ။ ဤအခါတွင် မိမိအတွက်လည်း မစဉ်းစားဘဲ နေမိကြမယ်မထင်ပါ။ ထိုသို့စဉ်းစား မိခြင်းနှင့်အတူ ညစ်နွမ်းနေသည့်စိတ်များ ကိုယ့်ထံပါးရှိနေသည်ဆိုလျှင် ထိုဖိစီးမှု များကို ဝေးသည်ထက် ဝေးကွာစေရန် ဖယ်ရှားသင့်ရန် အချိန်တန်ပါပြီ။ စိတ်ညစ်၊ စိတ်ဆိုးများနေရာတွင် ဖြူစင်သန့်ရှင်းသော စိတ်များ အစားထိုးရန် အခါအခွင့် သင့်ပြီဖြစ်ပါသည်။ မိမိနှင့်ဆက်စပ်နေသော အရာမှန်သမျှအားလုံးကို ကုသိုလ်အာရုံဖြင့်သာ နှလုံးသွင်း ဆင်ခြင်နိုင်လျှင်ဖြင့် အခွင့်ရခိုက် မိမိပြုလိုက်တဲ့ ကုသိုလ်ကံများသည် ယခုကာလကော နောင်ဘဝအတွက်ပါ အကျိုးပေးထက်သန်မည်မှာ အသေအချာပဲဖြစ်ပါသည်။

 

 

စိတ်၏စွမ်းအားကို ရယူပါ

 

မြတ်စွာဘုရား၏ တရားတော်တွင် ရုပ်များဖောက်ပြန်ပြီး ရောဂါများ ဖြစ်ကြရသည့် အကြောင်းတရား လေးပါးသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူ၍ ဟောကြားမှုများ ရှိပါသည်။ ယခုလို လောကသားအားလုံးနှင့် သက်ဆိုင်နေသည့် ကံကြောင့်ဖြစ်သော ထိုသဘာဝတရားကြီးတစ်ခုကို အောင်မြင်စွာ ရင်ဆိုင်ရာ၌ မိမိ၏စိတ်စွမ်းအားကလည်း အထောက်အကူ ပြုပေးနေပါသည်။ စိတ်ကလေး ငြိမ်းချမ်းရန် သမထဘာဝနာက အကူအညီပေးပါသည်။ စိတ်၊ စိတ်ကြောင့် ဖြစ်တဲ့ရုပ်၊ ကံကြောင့်၊ ဥတုကြောင့်၊ အာဟာရကြောင့် ဖြစ်သောရုပ် စသည်အားလုံး မမြဲ၊ အစိုးမရဟူ၍ ဉာဏ်ဖြင့် ဆင်ခြင်နေသည့် ဝိပဿနာ ဘာဝနာတရားများ ကျင့်ကြံအားထုတ်ရန် အချိန်အခါကောင်းတစ်ခုလည်း ဖြစ်ပါသည်။ ကြည်လင် အေးမြသည့် စိတ်၏စွမ်းအားများသည် သောကကိုပျောက်စေပြီး ကောင်းမွန် သည့်ရုပ်များကိုသာ မွေးဖွား အစားထိုးပေးကာ ကျန်းမာမှုကို အားပေးပါသည်။ စိတ်သက်သာရာ ရမှုသည် အဖော်လိုနေသည့် သူများအတွက် မိတ်ဆွေကောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

 

သံသရာအတွက် အာမခံချက်သည် ဗုဒ္ဓ၏တရားတော်များတွင်သာ ရှိသည်

 

ဆေးသိပ္ပံပညာရှင်များအနေဖြင့်လည်း ယခုကပ်ဘေးကြီးအတွက် ကာကွယ်ဆေး၊ ကုသဆေးများကို အပြိုင်အဆိုင် အပြင်းအထန် အားထုတ် ရှာဖွေနေကြဆဲဖြစ်ပါသည်။ သို့သော်လည်း ရောဂါဆိုးကို ထိန်းချုပ်နိုင်ရန် လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ သွားမှုလာမှု ကန့်သတ်ခြင်း စသည့် ကြိုတင်ကာကွယ်မှု နည်းလမ်းများကလွဲ၍ ကာကွယ်ကုသဆေးများ အပိုင်းတွင် ခိုင်မာ ရေရာသောအဖြေ မရရှိသေးပါ။ ပညာရှင်များ၏ လိုက်နာရန် လမ်းညွှန်ချက်များ အပေါ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က အနုစိတ်ရှာဖွေတွေ့ရှိ ထားသော တိကျမှန်ကန်သည့် ဘုရားရှင်၏ တရားတော်များကိုပါ ပေါင်းစပ်ကျင့်ကြံ အားထုတ်နိုင်လျှင် လက်ငင်းကြုံတွေ့နေရသော သောကဒုက္ခများကို ပြေပျောက်နိုင်စေမှာဖြစ်ပြီး အနာဂတ်ဘဝခရီးနှင့် သံသရာအတွက်လည်း အာမခံချက်ကောင်းတစ်ခုရရှိ ပိုင်ဆိုင်သွားစေမည်ဖြစ်ပါသည်။

 

ဒါန၊ သီလ၊ ဘာဝနာတွင် အထူးသဖြင့် ဘာဝနာဘက်တွင် “ယခုတော့ မအားသေး၊ နောင်မှအားထုတ်မည် ဆိုသောသူများ” အနေဖြင့် အနည်းငယ်မျှသော အချိန်ကလေး ရရှိခိုက်တွင် မိမိတို့အတွင်းသဏ္ဌာန်လေး စတင်ငြိမ်းချမ်းဖို့ရန် ရုပ်ကျန်းမာရေးအတွက် စိတ်ကျန်းမာရေးကို အစပျိုးရန်အားထုတ် ကြိုးပမ်းသင့်ပါပြီ။ ။

 

ကုသိုလ်များဆက်နေလျှင် အကုသိုလ်များအတွက် အခွင့်မသာနိုင်ပါ

 

ဗုဒ္ဓတရားတော်နှင့်ပတ်သက်၍ ဝိပဿနာ ဆရာတော်ကြီး တစ်ဦးဖြစ်သူ အင်္ဂလန်နိုင်ငံတွင် ဝိပဿနာ သင်တန်းဖွင့်လှစ်ခဲ့သူ အမေရိကန်နိုင်ငံဖွား မစ္စတာဂျွန်အားလ်ကိုးမင်း John Earl Cotemann (၁၉၃၀-၂၀၁၂)က “ယနေ့ ကမ္ဘာကြီး၌ ဆိုးရွားလှသော ပြဿနာတို့နှင့် တွေ့ကြုံခံစားနေရရာ ဗုဒ္ဓရှင်တော် မြတ်၏ တရားတော် ကျင့်သုံးနည်းအရ အအေးဓာတ်ပေးရန် အထူးလိုအပ်နေပါသည်” ဟူ၍ မိန့်ဆိုချက်သည် ယနေ့ကမ္ဘာ့လူသားတို့ တွေ့ကြုံခံစားနေရသော ကပ်ဘေးဆိုးကြီးရန်မှ လိုအပ်သော အဖြေတစ်ခုအတွက် အထောက်အကူ ကိရိယာတစ်ခုအဖြစ် လက်တွေ့ကျင့်ကြံ အားထုတ်သင့်ပါသည်။  ကုသိုလ်များ ဆက်နေလျှင် အကုသိုလ်များအတွက် အခွင့်မသာနိုင်ပါယခုလိုကာလ အခိုက်အတန့်တွင် အကြောင်းတရားဖြစ်သည့် ကုသိုလ်သဒ္ဓါတရားကို မှီ၍ ပေးကမ်းစွန့်ကြဲ လှူဒါန်းလိုက်ရသော ဒါနအကျိုး၊ ဆောက်တည်လိုက်ရသော သီလအကျိုး၊ ပွားများ အားထုတ်လိုက်ရသော ဘာဝနာ အကျိုးများနှင့်အတူ ကုသိုလ်ကြောင့် ကုသိုလ်များ ဆက်ကာဆက်ကာ ဖြစ်နေမည်ဆိုလျှင် ကံစီမံရာ အကျိုးများနှင့်အတူ ဒီကပ်ကြီးသည်လည်း အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာပင် ပြီးဆုံးသွားမှာ သေချာပါသည်။ ကုသိုလ်ကြောင့် ကုသိုလ်များ ဆက်တိုက်ပြုနေလျှင်၊ ဆက်တိုက်ဖြစ်နေလျှင် အလောဘ၊ အဒေါသ၊ အမောဟ ဆိုသည့် ကုသိုလ်တရားများနေရာတွင် လောဘ၊ ဒေါသ၊ မောဟစသည့် အကုသိုလ်တရားများ ဝင်ရောက်ရန် အခွင့်မသာနိုင်ပါ။ မေတ္တာ၊ ကရုဏာ သဘောပါသော ကိုယ်ချင်းစာတရားများ လွှမ်းမိုး နေရာယူလာနိုင်လျှင် ကျွန်တော်တို့ လူသားများသည်လည်း ကံတရား၏ ဒဏ်ခတ်ခြင်းမှ လွတ်ကင်းနိုင်ကြမည်မှာ သေချာပါသည်။

 

အချုပ်အားဖြင့် ယခုလိုကပ်ကြီးသုံးပါးရင်ဆိုင် ကျော်လွှားနေကြစဉ်တွင် ရတနာသုံးပါးနှင့် ကံ၊ ကံ၏ အကျိုးကို ယုံကြည်သည့် သဒ္ဓါတရား ထက်ထက် သန်သန်ဖြင့် လူအချင်းချင်း ဒုက္ခိတပညတ်ကို အာရုံပြု၍ ကရုဏာထားပေး ကမ်းစွန့်ကြဲလှူဒါန်း နိုင်ကြပါစေ၊ ငါးပါးသီလကို အစဉ်စောင့်ထိန်းပြီး ဘဝများ လုံခြုံကြပါစေ၊ မေတ္တာထားဘာဝနာပွား၍ ရာဂ၊ ဒေါသ၊ မောဟများ ကင်းဝေးကာ အနာရောဂါ နှိပ်စက်သော “ရောဂန္တရ” ကပ်ဆိုးကြီးမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။ ။