(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၆ ရက်)

 

(မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

၁။ ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ယနေ့ညပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ် အဖြစ် အားကောင်းလာနိုင်ပြီး၊ အောက်တိုဘာလ (၇)ရက်နေ့တွင် ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကမ်းခြေသို့ ရောက်ရှိနိုင်ပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ၊ ထိုင်းပင်လယ်ကွေ့မှတစ်ဆင့် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်း တို့ကို ‌လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်ပြီးနောက်၊ (၉.၁၀.၂၀၂၀)ရက်နေ့တွင် ကပ္ပလီ ပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

 

သတိပေးနှိုးဆော်ချက်

 

၂။ အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် (၈.၁၀.၂၀၂၀) ရက်နေ့မှ (၁၁.၁၀.၂၀၂၀) ရက်နေ့ အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်း များ ဖြစ်ပေါ်နိုင်ကာ၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပါ သည်။ မိုးသက်လေပြင်းများကျစဉ် ရေပြင်/လေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀) အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်ပါသည်။

 

အကြံပြုချက်

 

၃။ သို့ဖြစ်ပါ၍ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သော ကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

 

Ref>မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန