၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ(၂၁)ရက်

(မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

လေဖိအားနည်းရပ်ဝန်းအခြေအနေ

=============================

၁။ ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ကနဉီးတွင် အနောက် မြောက်ဘက်သို့ ရွေ့လျားပြီးနောက်၊ မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့ကာရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

=============================

၂။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် (၂၂.၁၀.၂၀၂၀)ရက်နေ့မှ(၂၄.၁၀.၂၀၂၀)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၁၀)ပေ ခန့်ရှိနိုင်ပါသည်။

အကြံပြုချက်

=============================

၃။ သို့ဖြစ်ပါ၍ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် လျှပ်တစ်ပြက်ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။