မိုင်းယု ၉ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၏ သမိုင်းဝင်အထင်ကရ နေရာတစ်ခုဖြစ်သည့် ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာအနီး ဟိုခိုဘုန်းကြီးကျောင်းတွင် တည်ရှိသော ထပ်ပူခမ်း(ခ) ရွှေဂဏန်းစေတီတော်မြတ်ကြီး အသစ်ပြန်လည်မွန်းမံတည်ဆောက်ကာ စုံလင်စွာပြီးစီး၍ ဋ္ဌာပနာထည့်သွင်းခြင်း၊ ရတနာစိန်ဖူးတော်၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်တင် မင်္ဂလာနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကို မြို့မရပ်ကွက်ရှိ ထေရဝါဗုဒ္ဓသာသနာပြု (ဝပ်လုံကြွမ်တောင်း) ကျောင်းတိုက် ဆရာတော် ဦတိတ္တပညော၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ကစတင်၍ ၁၇ ရက်နေ့ထိ ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ ထပ်ပူခမ်း(ခ) ရွှေဂဏန်းစေတီတော်မြတ်ကြီးကို မိုင်းယောင်း- မိုင်းယု ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းပူးပေါင်းကာ ဖြူစင်သော မနော၊ ကာယ၊ ဝတ္ထုများစုစည်းကာ နိဗ္ဗာန်ရွှေပြည်ကို ရည်မှန်း၍ ပိုမိုခိုင်ခန့်နိုင်စေရေးအတွက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့က မူလစေတီတော်မှ အသစ်ပြန်လည်မွန်းမံခဲ့ရာ ယခုအခါ အသစ်ပြန်လည် မွန်းမံပြီးစီးပြီး ဖြစ်သောကြောင်း ယနေ့တွင် ပွဲတော်စတင်ကျင်းပရခြင်းဖြစ်ကြောင်း၊ ၁၄ ရက်နေ့တွင် ဧည့်သည်တော်များ ဧည့်ခံခြင်း၊ ၁၅ ရက်နေ့တွင် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ၁၇ ရက်နေ့တွင် ဌာပနာထည့်သွင်းခြင်း၊ ရတနာစိန်ဖူးတော်၊ ရွှေဌက်မြတ်နားတော်၊ ရွှေထီးတော်တင်မင်္ဂလာနှင့် ရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဂေါ်ပကအမှုဆောင် ဦးတင်ထွေးက ပြောကြားသည်။
ကိုကိုနိုင်(ပြန်/ဆက်)


