မန္တလေး ၉ ဖေဖော်ဝါရီ


မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပြည်ပခရီးသွားများ စနစ်တကျ လေ့လာနိုင်ရန် မြန်မာ၊ အင်္ဂလိပ်၊ ကိုရီးယား၊ တရုတ်ဘာသာတို့ဖြင့် ရေးသားထားသည့် စည်းကမ်းချက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်)မှ သိရသည်။


ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က မဟာဂန္ဓာရုံကျောင်းတွင် လာရောက်သည့် ခရီးသွားအချို့သည် ဆရာတော်များ ဆွမ်းစားကြွချိန်တွင် ဓာတ်ပုံရိုက်ရန်နေရာလုရာမှ ခိုက်ရန်ဖြစ်ပွားမှုဖြစ်ပွားပြီး နောက်ပိုင်း ယခုလို စည်းကမ်းချက်များ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ 


"စဖြစ်ကတည်းက လုံခြုံရေးတွေ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဆရာတော်ကြီးတွေရဲ့ လိုလားချက်တွေကိုလည်း ဌာနဆိုင်ရာ အဆင့်ဆင့်ကိုတင်ပြပြီး အကောင်ထည်ဖော်နေတဲ့ လုပ်ငန်းစဉ်တွေရှိတယ်။ စည်းကမ်းထိန်းသိမ်းရေးအပိုင်း တိုးမြင့်ဆောင်ရွက်နေပါတယ်။ ခရီးသွားတွေလိုက်နာရမယ့် လမ်းညွှန်ချက်တွေကို မြန်မာ၊ ကိုရီးယား၊ အင်္ဂလိပ်၊ တရုတ် ဘာသာတွေနဲ့ ရေးသားထားတဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်သွားမှာပါ''ဟု  ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်) လက်ထောက်ညွှန်ကြားရေးမှုး ဦးစန်းယုက ပြောသည်။ 


အဆိုပါ ထုတ်ပြန်ချက်များကို လာမယ်သီတင်းပတ်အတွင်း မဟာဂန္ဓာရုံကျောင်းဝန်းတွင် ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 


ကျောင်းတိုက်အတွင်း သတ်မှတ်ထားသည့် နေရာတွင်သာ လေ့လာရန်၊ ဆွမ်းစားဆောင်၊ သံဃာဆောင်၊ ကျောင်းဆောင်များအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန်၊ ကျောင်းတိုက်အတွင်း ဖုန်းကင်မရာဖြင့်သာ ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ကူးရန်၊ သံဃာတော်များ ဆွမ်းစားစဉ် ကျောင်းဆောင်အတွင်းသို့ ဝင်ရောက်လှူဒါန်းခြင်း မပြုရန်၊ ဆွမ်းအစရှိသော လှုဖွယ်ပစ္စည်းများ လှူဒါန်းလိုပါက ဆွမ်းစားချိန်မတိုင်မီ (သို့မဟုတ်) ဆွမ်းစားပြီးချိန်တွင် ဆက်သွယ်လှူဒါန်းရန်၊ ကျောင်းတိုက်အတွင်း ဆေးလိပ်၊ အရက်သေစာသောက်စားခြင်း ခွင့်မပြုကြောင်း၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းလိုပါက ကြိုတင်ဆက်သွယ်ဆောင်ရွက်ရန် စသည့် စည်းကမ်းချက်များအား ဘာသာစကားနှစ်မျိုးဖြင့် ကျောင်းတိုက်နံရံများတွင် ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မဟာဂန္ဓာရုံကျောင်းတိုက်တွင် သံဃာတော်ပေါင်း တစ်ထောင်ကျော်ရှိပြီး ဆရာတော်တို့၏ ဆွမ်းစားကြွချိန်ကို ပြည်တွင်းပြည်ပ ဓာတ်ပုံဝါသနာရှင်တို့က မကြာခဏ ဓာတ်ပုံရိုက်ကူးလေ့ရှိသည်။


အိမို့မို့ခိုင်
Photo- Ashin Kelasa