နေပြည်တော် ၉ ဖေဖော်ဝါရီ
စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သား ၃၀ ဦးနှင့်အထက်ရှိပါက WCC ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးမည့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ကနောင်ခန်းမနှင့် တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန်(၁) စီမံခန့်ခွဲမှုကော်မတီရုံး၌ ကျင်းပသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က စက်ရုံ၊ အလုပ်ရုံများ၌ အငြင်းပွားမှုများဖြစ်ပွားလာပါက ကနဦးစတင်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေခံကျသော အဖွဲ့ဖြစ်သည့်အတွက် အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) ကို စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ဖွဲ့စည်းနိုင်ရေး ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းခြင်းသည် အငြင်းပွားမှုများကို ဖြေရှင်းနိုင်သည်သာမက အလုပ်ရှင်၊ အလုပ်သမားများအကြား လုပ်ငန်းခွင်ဆက်ဆံရေးလည်း ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်စေရန်အတွက် အလုပ်ရှင်နှင့် အလုပ်သမားအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေမှာဖြစ်ကြောင်း၊ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) တွင် ပထမဆုံး ထိတွေ့ဖြေရှင်းခြင်းဖြင့် ပြဿနာမီးပွားများကို ဖြေရှင်းနိုင်ပြီး ပဋိပက္ခများကို လျော့နည်းစေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမား ကိုယ်စားလှယ်များက အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းရာတွင် တွေ့ကြုံရနိုင်သည့် အခက်အခဲများကို ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


