ရန်ကုန် ၉ ဖေဖော်ဝါရီ
သနန္တန ဓမ္မပါလကအဖွဲ့ချုပ်က ဦးဆောင်ကျင်းပသည့် ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဓာတ်တော်များ ပူဇော်ခွင့်ရအောင် ဆောင်ရွက်ခဲ့သူ ဒေါက်တာစယာမာ ပရဆာဒ်မူက(ရ်)ဂျီ အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကျောက်စာတိုင် စိုက်ထူဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါစေတီတော် ဂေါပကရုံး၌ ကျင်းပသည်။
ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ဝမ်းမြောက်စကား ပြောကြားသည်။
ထို့နောက် သနန္တန ဓမ္မပါလကအဖွဲ့ချုပ်မှ သာသနာပြုအကျိုးတော်ဆောင် ဒေါက်တာလှထွန်းက အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမားနှင့် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့ရှိ ဒေါက်တာစယာမာ ပရဆာဒ်မူက(ရ်)ဂျီ သုတေသနဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အနီရ်ဗာန်း ဂန်ဂုလီ တို့က ကမ္ပည်းမော်ကွန်းကျောက်စာ ထားရှိဖွင့်လှစ်ပေးသည့်အတွက် ဝမ်းမြောက်စကား ပြောကြားကြသည်။
ဆက်လက်၍ ကမ္ဘာအေးစေတီတော် အရှေ့ဘက်မုခ်အနီး သတ်မှတ်နေရာ၌ ကမ္ပည်းမော်ကွန်း ကျောက်စာမုခ်ဦးဖွင့်ပွဲကို ကျင်းပရာ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး၊ သနန္တန ဓမ္မပါလကအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်၊ ညွှန်ကြားရေးမှူး ဒေါက်တာ အနီရ်ဗာန်း ဂန်ဂုလီနှင့် အလှူရှင် ဒေါက်တာဝင်းကတေးရှ်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ဒေါက်တာစယာမာ ပရဆာဒ်မူက(ရ်)ဂျီ အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကျောက်စာကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးနှင့် ဒေါက်တာ အနီရ်ဗာန်း ဂန်ဂုလီတို့က ကမ္ပည်းမော်ကွန်း ကျောက်စာကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို) ဥက္ကဋ္ဌ ဦးသိန်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြတ်ဗုဒ္ဓ၏ အဂ္ဂသာဝကကြီးများ ဖြစ်တော်မူကြသည့် အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်သာရိပုတ္တရာ တို့၏ ဓာတ်တော်၊ မွေတော်အချို့ကို မြန်မာနိုင်ငံသူ နိုင်ငံသားများ ထာဝရပူဇော် ကိုးကွယ်နိုင်စေရန် အိန္ဒိယနိုင်ငံ၏ လှူဒါန်းမှု အထမြောက်စေရေးတွင် ဒေါက်တာ စယာမာ ပရဆာဒ် မူက(ရ်)ဂျီသည် အိန္ဒိယနိုင်ငံ မဟာဗောဓိအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သောကြောင့် ဒေါက်တာစယာမာ ပရဆာဒ်မူက(ရ်)ဂျီ အထိမ်းအမှတ် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို ဂုဏ်ပြုစိုက်ထူခြင်းဖြစ်ကြောင်း သိရသည်။
သတင်း- ရီရီမြင့်
ဓာတ်ပုံ- ရဲထွဋ်


