ရန်ကုန် ၉ ဖေဖော်ဝါရီ 


တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(မြန်မာ) အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အမှတ်(၆) ကမ္ဘာအေးဘုရားလမ်းရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ရုံးဝင်းအတွင်း၌ ကျင်းပသည်။
    

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဂျာမနီနိုင်ငံ တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(PTB)မှ ဥက္ကဋ္ဌ Prof. Dr. Joachim Hermann Ullrich တို့က အမှာစကားပြောကြားသည်။
    

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ဂျာမနီနိုင်ငံ တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(PTB)မှ ဥက္ကဋ္ဌ Prof. Dr.Joachim Hermann Ullrich၊ KETT Electric Laboratory မှ အထွေထွေမန်နေဂျာ Mr.Norihiro YOSHIDA၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥက္ကဋ္ဌ ဒေါက်တာချာလီသန်းနှင့် အမျိုးသားစံချိန်စံညွှန်း ကောင်စီအဖွဲ့ဝင် ဒေါက်တာစိန်မြင့်တို့က တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ အဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
    

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအား နံ့သာရေများဖြင့် ပက်ဖြန်းကြပြီး တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံအဆောက်အဦရှိ တိုင်းတာရေး ဓာတ်ခွဲခန်းများအား လေ့လာကြည့်ရှုခဲ့သည်။ 
    

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ ပါမောက္ခချုပ်များ ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပသည့် အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်နှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲနှင့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ရုံး၌ ကျင်းပသည့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး (TVET) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 


(သတင်းစဉ်)

 

123