ရန်ကုန် ၉ ဖေဖော်ဝါရီ 
    

အောင်မြင်မှုအထည်ချုပ် သင်တန်းကျောင်းမှ ထူးချွန်ကျောင်းသားများနှင့် ပူးပေါင်းဆောင်ရွက်မှု အကောင်းဆုံးစက်ရုံများအား ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် အထူးအကောက်ခွန် သက်သာကင်းလွတ်ခွင့်ရသော လုပ်ငန်းဖြစ်ပြီး မြန်မာ့လုပ်သားဈေးကွက်တွင် အလုပ်အကိုင်အများဆုံး ဖန်တီးပေးနိုင်သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ CMP/CMP တစ်ဆင့်ခံ အထည်ချုပ်စက်ရုံ ၃၅၆ ရုံ၊ အထည်ချုပ်အလုပ်သမား ဦးရေ ၂၁၇၇၈၇ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အထည်ချုပ်စက်ရုံ ၃၁၀၊ အထည်ချုပ်အလုပ်သမားဦးရေ ၁၇၉၁၅၂ ဦးရှိပါကြောင်း၊ CMP အထည်ချုပ်လုပ်ငန်းရှိ လုပ်သားအများစုသည် စနစ်တကျ သင်ကြားလေ့ကျင့်ပေးနေသော အထည်ချုပ်သင်တန်းများတွင် တက်ရောက်ထားမှုမရှိခြင်း၊ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်နှင့် သင်တန်းဆင်းလက်မှတ်များမရှိဘဲ လုပ်ငန်းခွင်တွင်း အတွေ့အကြုံနှင့် အဆင်ပြေသလို လုပ်ကိုင်နေကြကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည်နှင့်အမျှ အထည်ချုပ်လုပ်ငန်း အပါအဝင် အခြားအလုပ်အကိုင်များတွင် စနစ်တကျသင်ကြားထားသော ကျွမ်းကျင်လုပ်သားများ လိုအပ်နေပါကြောင်း။


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် သက်မွေးကဏ္ဍအလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များ ပူးပေါင်းပါဝင်သော မြန်မာနိုင်ငံ အလုပ်သမားများ ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NCCA) တွင် Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်နေပြီး လုပ်ငန်းခွင်တွင်းရှိ လုပ်သားများ၏ သက်မွေးပညာကျွမ်းကျင်မှု မြှင့်တင်ရေး၊ လေ့ကျင့်ရေး၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
     

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် မြန်မာ့အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးတို့က အမှာစကားပြောကြားကြပြီး တာဝန်ရှိသူများက အောင်မြင်မှု အထည်ချုပ်သင်တန်းကျောင်း ဖွင့်လှစ်တည်ထောင်ရခြင်း၏ အကျိုးသက်ရောက်မှုများကို ရှင်းလင်းပြောကြားကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန်ကျောင်းသားများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အထည်ချုပ်စက်ရုံများအား ဂုဏ်ပြုဆုလက်မှတ်များ ပေးအပ်ကြသည်။


ထို့နောက် သင်တန်းဆင်းများ၏ သင်တန်းတက်ရန် ရန်ကုန်သို့ လာရောက်သည့်အခါ ကြုံတွေ့ရသော အတွေ့အကြုံများ၊ သင်တန်းတက်ရောက်ရခြင်း အတွေ့အကြုံများ၊ သင်တန်းတက်ရောက်ပြီး လက်တွေ့လုပ်ငန်းခွင်ဝင်ရသော အကျိုးကျေးဇူးများ၊ လက်ရှိလူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုများ အစရှိသည်တို့ကို ဆွေးနွေးပြောကြားကြသည်။ 


(သတင်းစဉ်)

 

123