နေပြည်တော် ၉ ဖေဖော်ဝါရီ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ယနေ့နံနက် ၉ နာရီက နေပြည်တော် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပြည်သူများ၏ လိုအပ်ချက်များနှင့်ပတ်သက်၍ သိရှိစေရန် လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်တွင် နေပြည်တော်ကောင်စီ ဘတ်ဂျက်ဖြင့် ရေးဆွဲဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရပ်ကွက်/ကျေးရွာ ပြည်သူလူထုနှင့် အနီးကပ်တွေ့ဆုံပြီး လက်တွေ့ဆောင်ရွက်နေသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံများကသာ သိရှိနိုင်သည့်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေမှူးများနှင့် ရပ်မိ/ရပ်ဖများမှ မိမိတို့ဒေသတွင် လိုအပ်လျက်ရှိသည့် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးနိုင်ရေး၊ ကျောင်းမြေနေရာရရှိရေး၊ လယ်ယာမြေ ပုံစံ(၇)ရရှိစေရေး၊ သီးနှံများ စိုက်ပျိုးရိတ်သိမ်းချိန်တွင်လည်း စက်ယန္တရား ကူညီဆောင်ရွက်ပေးစေရေး၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ပေးနိုင်ရေး စသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအား တင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
တွေ့ဆုံပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင်များ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူမျာက နေပြည်တော် ဥပ္ပါတသန္တိ စေတော်တော်မြတ်ကြီးသို့ သွားရောက်၍ စေတီတော်မြတ်ကြီး ရွှေစင်/ရွှေပြား ကပ်လှူပူဇော်နိုင်ရေးအတွက် ဆောက်ရွက်ထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
ဓါတ်ပုံ(ပြန်/ဆက်)


