ပုဏ္ဏားကျွန်း ၉ ဖေဖေါ်ဝါရီ
ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော ဒေသခံတိုင်းရင်းသားများ၏ ဥပဒေပါ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို သိရှိနားလည်စေရန် စစ်တမ်းကောက်ယူခြင်းမှ ရရှိသော အခြေခံအချက်အလက်များကို စိစစ်သုံးသပ်ပြီး တိုင်းရင်းသား အခွင့်အရေးများဆိုင်ရာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းသားရေးရာ အခြေခံအချက်အလက်များ စစ်တမ်းကောက်ယူခြင်း အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီက စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ခင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး (တာဝန်ခံ) ဒေါ်သိန်းဦးက ဝန်ကြီးဌာန၏အကြောင်း မိတ်ဆက်ခြင်းနှင့် တိုင်းရင်းသားရေးရာ အခြေခံအချက်အလက်များ စစ်တမ်းကောက်ယူရာတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး
ဆောင်ရွက်နေမှုတို့နှင့် ဆက်စပ်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေများ၊ စစ်တမ်းကောက်ယူခြင်းဆိုင်ရာ မေးခွန်းလွှာတို့နှင့်ပတ်သက်၍ ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မီမီဝင်းရွှေက ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံအချက်အလက်များ စစ်တမ်းကောက်ယူခြင်းနှင့် ပတ်သက်သည့် မေးခွန်းလွှာတို့ကို မရာမာကြီး (၁၀) ဦး၊ ဒိုင်းနက် (သက္ကမ) ၁၀ ဦး၊ မြို (၁၅) ဦး၊ ခမီ (၁၅) ဦးတို့က ဖြေကြားပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)


