ဘုတလင် ၉ ဖေဖော်ဝါရီ


၂၀၁၉ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာအလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပသည်။

ဗိုလ်လုပွဲအဖြစ် ရဲထွက်အသင်းနှင့် လေးမြေအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရဲထွက်အသင်းက လေးမြေအသင်းကို (၂)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။  ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကို ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလှိုင်နှင့် မြို့နယ်လဝကဦးစီးမှူး ဦးတင်လှကြည်တို့က နေရာအလိုက် အကောင်းဆုံးကစားသမားဆုများကို လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်နှင့် မြို့နယ်အားကစားမှူး ဦးအာကာမင်းတို့က ဒုတိယဆုရရှိသည့် လေးမြေအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 


ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇော်ဌေးတို့က ပထမဆုရရှိသော ရဲထွက်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြပြီး  မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဇော်က ရဲထွက်အသင်းအား တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ဘုတလင်မြို့နယ် ပြန်/ဆက်မှ သိရသည်။


MDN