ရန်ကုန် ၉ ဖေဖော်ဝါရီ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၌ ကျင်းပသည်။
ရှေးဦးစွာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ ပညာသင်နှစ် ဆောင်ရွက်ပြီးစီးခဲ့သည့် အချက်အလက်များ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ သုတေသနစာတမ်းရေးသားမှုများ၊ ကျောင်းသား ကျောင်းသူများ၏ အားကစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် အားကစားကွင်းများ၊ စာသင်ဆောင် တည်ဆောက်ရေး စီမံကိန်းများနှင့် ကျောင်းသားကျောင်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သင်ရိုးညွှန်းတမ်းနှင့် ဘွဲ့သင်တန်းများသည် ဒေသနှင့် လိုက်လျောညီထွေရှိ၍ ပရော့ဂျက်အခြေပြု သင်ယူခြင်းဖြင့် အားပေးဆောင်ရွက်ရန်လိုပါကြောင်း၊ ဆရာဆရာမများအနေဖြင့် အင်္ဂလိပ်စာအရည်အသွေးနှင့် အိုင်စီတီအရည် အသွေးကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ အရည်အချင်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင် သင်ကြားသင်ယူလေ့ကျင့်ရန်နှင့် တစ်သက်တာသင်ယူခြင်းဖြင့် စွမ်းဆောင်ရည်များ မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဆရာဆရာမများ အနေဖြင့် ဘွဲ့ရလူငယ်များကို လက်တွေ့ဘဝနှင့်နီးစပ်ပြီး ဒေသနှင့် လိုက်လျောညီထွေဖြစ်သော ဘွဲ့သင်တန်းများ လုပ်ပေးနိုင်ရန် သင်ရိုးညွှန်းတမ်းများ မြှင့်တင်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရန်နှင့် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရန် အရေးကြီးပါကြောင်း၊ ယင်းသို့ ဆရာ ဆရာမများအနေဖြင့် သုတေသန စွမ်းဆောင်ရည်နှင့် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲနိုင်သည့် အရည်အသွေး ပြည့်မီမှသာ ကျောင်းသားကျောင်းသူများကို လက်တွေ့ဘဝနှင့် နီးစပ်သောသင်ကြား သင်ယူမှုများကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် သုတေသနများ ဆောင်ရွက်ခြင်း၊ သုတေသနစာတမ်းများ ဖတ်ကြားဆွေးနွေးခြင်း၊ ပြည်တွင်းပြည်ပ သုတေသန ဂျာနယ်များတွင် သုတေသနစာတမ်းများ ရေးသားခြင်းတို့ကို အားပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် တက္ကသိုလ်များတွင် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ ပန်းချီ၊ ဂီတ၊ ယဉ်ကျေးမှု၊ အနုပညာ၊ သင်္ချာ၊ အားကစားဆိုင်ရာ စွမ်းရည်မြင့်မားရေးအတွက် ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ထို့ပြင် ဘွဲ့ရလူငယ် ကျောင်းသား ကျောင်းသူများ၏ ယှဉ်ပြိုင်လိုစိတ်များကို လက်တွေ့ကျကျ အထောက်အကူပြုပြီး လက်တွေ့အသုံးချနိုင်သည့် သင်ခန်းစာများဖြင့် သင်ကြားပေးပြီး လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ပြီး လက်တွေ့လုပ်ငန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တက္ကသိုလ်များ၏ ကိုယ်ပိုင် domain နှင့် website များကို အင်္ဂလိပ်ဘာသာများဖြင့် ရေးသားဖော်ပြနိုင်ရန် လိုအပ်ပြီး မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ထုတ်ပြန်ပေးရန် လိုအပ်ပါကြောင်း၊ ယနေ့ခေတ်ကာလသည် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရန် အင်္ဂလိပ်စာနှင့် အိုင်စီတီ အရည်အသွေးကောင်းမွန်ရန်လည်း လိုအပ်ပါကြောင်း၊ တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ရှိရန်လိုအပ်ပြီး ကြုံတွေ့ခဲ့ရသည့် အားနည်းချက်များကို စိစစ်ပြီး အားသာချက်များကို အားကောင်းလာစေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၁ ရာစုတွင် လိုအပ်သော အချင်းချင်းကူညီတတ်၍ တာဝန်ယူ တာဝန်ခံ ပူးပေါင်းဆောင်ရွက်တတ်သည့် ထူးချွန်သော ဘွဲ့ရလူငယ် မောင်မယ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးမှာကြားသည်။
ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာ ဆရာမများက တင်ပြဆွေးနွေးသည်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှာကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့သို့ သွားရောက်ခဲ့ပြီး တက္ကသိုလ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


