နေပြည်တော် ၁၃ဖေဖော်ဝါရီ

ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ အားလုံး၏ စည်းလုံးညီညွတ်မှုအခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ စိုက်ထူနိုင်ခဲ့သည့် ပြည်ထောင်စုနေ့ ဖြစ်သည်။ မြန်မာနိုင်ငံအတွက် အဖိုးအန္ဃ ထိုက်တန်သည့် ပြည်ထောင်စုနေ့မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဖြစ်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် တောက်ပသည့် အလင်းရောင်များကို ဖန်တီးပေးမည့်နေ့မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဖြစ်သည်။

တစ်ဆက်တစ်စပ်တည်းဖြစ်တည်သည့် ထိုနေ့ထူး နှစ်ရက်သည် ကြောင်းကျိုးဆက်စပ် ဆီလျော်မှုကို ဖြစ်စေပါသည်။ ပြည်ထောင်စု၏ သွေးစည်းညီညွတ်မှု မျိုးစေ့အပင်ပေါက်ကို ပျိုးထောင်စိုက်ပျိုးပြီးသည့်နောက် အနာဂတ်မြန်မာနိုင်ငံအတွက် တောက်ပဝေဆာလာမည့် အဖူးအပွင့်များ သီးပွင့်ဝေဆာလာပါသတည်း။ ထိုအသီးအပွင့်လေးများသည် အနာဂတ်အလင်းရောင် တောက်ပသည့် ကြယ်ပွင့်လေးများဖြစ်ပါသည်။ မျိုးစေ့အပင်ပေါက်သည့် “ပြည်ထောင်စု” အသီးအပွင့်လေးများသည် အနာဂတ်တွင် တောက်ပလာမည့် ကြယ်ပွင့် “ရင်သွေးငယ်များ” ဖြစ်ပါသည်။

မြန်မာ့ရာဇဝင်တွင် ထင်ရှားကျော်ကြားသည့် တောက်ပသော ကြယ်တစ်ပွင့်မှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးခရိုင် နတ်မောက်မြို့၌ အဖ ဦးဖာ၊ အမိ ဒေါ်စုတို့မှ မီးရှူးသန့်စင် မွေးဖွားခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် မြန်မာတိုင်းရင်းသား ပြည်သူများအတွက် တောက်ပသည့် ကြယ်တစ်ပွင့်၊ မျှော်လင့်ချက်အလင်းရောင် ဖြစ်ခဲ့ပါသည်။ ထိုသို့ဖြစ်ခဲ့သည်နှင့်အညီ ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံနှင့်ပြည်သူရှေ့တွင် မားမားမတ်မတ်ရပ်တည်ကာ လွတ်လပ်သော နိုင်ငံတော်ကို တည်ဆောက်ပေးခဲ့ပါသည်။

ဖေဖော်ဝါရီ ၁၃ ရက်ဖွား မောင်အောင်ဆန်းသည် လူပင်ငယ်သော်ငြား မြန်မာနိုင်ငံ၏ အနာဂတ်ကို ထုဆစ်ပုံဖော်ပြောင်းလဲစေပြီး မြန်မာလူထု၏မျှော်လင့်ချက်ကို ဖန်တီးတည်ဆောက်ပေးနိုင်သူ ဖြစ်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်၊ ဗိုလ်ချုပ်၏ပင်ကိုဗီဇ၊ ကိုယ်ကျင့်တရားနှင့် ကြိုးစားအားထုတ်မှုများမှာ ငယ်စဉ် ကလေးဘဝကတည်းက တောက်မည့်မီးခဲ တရဲရဲသဖွယ် ရဲရဲနီခဲ့ပါသည်။ အများတကာနှင့်မတူ တစ်မူထူးခြားသည့် ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်များမှာ အံ့သြလောက်ဖွယ်ဖြစ်သည်။

ဗိုလ်ချုပ်၏ မူလသန္ဓေမျိုးစေ့မှာလည်း သူ့ကျွန်မခံ မျိုးချစ်စိတ်ဓာတ်ထက်သန်သည့် မျိုးရိုးစဉ်ဆက်ရှိသည်ဖြစ်၍ ကိုအောင်ဆန်း လက်ထက်တွင်လည်း မျိုးရိုးဂုဏ် အပျက်မခံဘဲ ရဲဝံ့စွာတွန်းလှန်နိုင်အောင် ကြိုးပမ်း အားထုတ်လေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဖြောင့်မတ်တည်ကြည်မှု၊ ခြိုးခြံချွေတာမှု၊ ကိုယ်ကျိုးစွန့်မှု၊ အမြော်အမြင်ကြီးမားမှု၊ ရဲဝံ့စွန့်စားမှု၊ မဆုတ်မနစ်အားထုတ်မှု၊ မျိုးရိုးဂုဏ်၊ ပညာဂုဏ်ရှိသော်လည်း မာန်မာန မရှိမှု၊ သွေးမကြီးမှု၊ လူတန်းစားဉာဉ်ကို မထောက်မညှာ ဝေဖန်နိုင်မှု၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အသိအမြင်ကြွယ်ဝမှု၊ အသက်ကို ပဓာနမထားမှု စသည့်အရည်အချင်း၊ အရည်အသွေး အမြောက်အမြားမှာ မြန်မာတို့အဖို့ အတုယူ၊ ဂုဏ်ယူအားကျဖွယ်ရာများဖြစ်သည်။

ထိုသို့ မြန်မာယောက်ျားကောင်း၊ အာဇာနည်သူရဲကောင်းကို မွေးဖွားခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မြန်မာတို့အဖို့ မမေ့နိုင်ဖွယ်ဖြစ်သည်။ ဂုဏ်ယူဖွယ်ဖြစ်သည်။ ထိုနေ့ ထိုရက်ကို မြန်မာကလေးများအားရည်စူး၍ ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းသည် မြန်မာနိုင်ငံမှ တောက်ပလာမည့် ကြယ်ပွင့်လေးများဖြစ်သည့် မြန်မာကလေးငယ်များ အတုယူအားကျ ဂုဏ်ယူစေလိုရင်းဖြစ်သည်။

သို့ဖြစ်ရာ ဤဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မြန်မာတစ်မျိုးသားလုံး တို့အနေဖြင့် ထူးကဲပြောင်မြောက်လှသည့် မြန်မာတစ်မျိုးသားလုံး၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ိုရည်စူး၍ ၁၀၄ နှစ်ပြည့် မွေးနေ့သဘင်ကို တစ်နိုင်ငံလုံး ဆင်ယင်ကျင်းပခြင်းသည် အနာဂတ်တောက်ပမည့် ကြယ်ပွင့်လေးများအတွက် အလင်းဆောင်နေခြင်းပင်ဖြစ်ပါကြောင်း။

ကြေးမုံ