နေပြည်တော် ၁၃ ဖေဖော်ဝါရီ
ခေတ်သစ် မြန်မာနိုင်ငံသမိုင်းကို စာအုပ်တစ်အုပ်အဖြစ် ပြုစုလျှင် ထင်ရှားသော မြန်မာ့သူရဲကောင်း၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ၊ မြန်မာအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းဟူသည့် အမည်က စာမျက်နှာ အများအပြားတွင် နေရာယူထားပါလိမ့်မည်။
အမျိုးသားခေါင်းဆောင်ကြီးသာ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုလျှင် ယနေ့ ၁၃ ဖေဖော်ဝါရီတွင် အသက် ၁၀၄ နှစ်ပြည့်ပြီ။ ငယ်စဉ် ကလေးအရွယ်ဘဝကစ၍ ရိုးသားဖြူစင်သော၊ မလိမ်မညာတတ်သော၊ ထက်မြက်တည်ကြည်သော၊ အမှန်တရားကို မြတ်နိုးသော မောင်အောင်ဆန်းသည် ကွယ်လွန်ချိန် အသက် ၃၂ ထိ မပြောင်းလဲသည့် ကိုယ်ကျင့်သိက္ခာဖြင့် ရှင်သန်ခဲ့သူဖြစ်သည်။
တက္ကသိုလ် ကျောင်းသားဘဝ၊ သမဂ္ဂခေါင်းဆောင်ဘဝ၊ တို့ဗမာ အစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး သခင်ဘဝ၊ ဗမာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်ဘဝ၊ ဖဆပလအဖွဲ့ချုပ်ကြီး၏ဥက္ကဋ္ဌ နိုင်ငံရေးသမားဘဝ၊ ပြည်သူလူထု၏ အယုံကြည်ရဆုံး ချစ်ခင်ကြည်ညိုရဆုံးသော အမျိုးသားခေါင်းဆောင်ကြီး ဘဝတို့ကို နိုင်ငံချစ်စိတ် ပြည်ထောင်စုသား အားလုံးတို့ပေါ် စေတနာမှန်မှန်တို့ဖြင့် ဖြတ်သန်းခဲ့သူ ဖြစ်ပါသည်။
သူ့ကျွန်ဘဝရောက်နေရသည့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေး၊ တိုးတက်ဖွံ့ဖြိုးရေးနှင့် မြန်မာပြည်သူလူထုအတွက်ဟူသည့် ရည်မှန်းချက်ကို ခိုင်ခိုင်မာမာ ချမှတ်ခဲ့သူ၊ ကိုယ်ကျိုးမရှာသူ၊ အနစ်နာခံစရာရှိလာသမျှ မရှောင်ဖယ်ခဲ့သူ ဖြစ်၏။ နိုင်ငံရေး အမြော်အမြင်ကြီးသူ၊ ရင့်ကျက်သူလည်းဖြစ်သည့်အတွက် ကမ္ဘာလုံးဆိုင်ရာအမြင်ဖြင့် မြင်နိုင်သူ အယူအဆ အတွေးအခေါ်ကောင်းများဖြင့် ပြည့်ဝသူလည်း ဖြစ်၏။
နိုင်ငံတကာက ခေတ်ပြိုင်ခေါင်းဆောင်များ၊ နိုင်ငံတွင်းက ဒိတ်ဒိတ်ကြဲ နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များက လေးစားကြရသည့်သူ တစ်ဦးလည်း ဖြစ်ပါ၏။ အယူအဆချင်းမတူသူ ရန်သူဖြစ်စေ၊ လမ်းစဉ်နှင့် ယုံကြည်ချက်ချင်းတူသူ မည်သို့သောသူဖြစ်စေ လေးမြတ်ရသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါသည်။ ဤသည်က အရေးကြီးသော နိုင်ငံရေးမှတ်ကျောက်တစ်ခု ဖြစ်သည်ဟု ထင်မြင်ပါသည်။
လွတ်လပ်ရေးအတွက် တူညီသည့် ရည်မှန်းချက်ပေါ်တွင် ရပ်တည်ခဲ့ကြသော ထင်ရှားသည့် ဝါရင့်နိုင်ငံရေး ခေါင်းဆောင်ကြီးများကိုယ်တိုင် လေးလေးစားစား ခေါင်းဆောင်တင်ကာ နားထောင်လိုက်နာခဲ့ကြသည့် ခေါင်းဆောင်ဖြစ်ပါ၏။ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ချိန်တွင် အသက်အရွယ်အားဖြင့် သုံးဆယ့်နှစ် နှစ်သာ ရှိသေးသည့် အရွယ်ကောင်းဖြစ်ပါသည်။ ငယ်ရွယ် လှသေးသော အချိန်ဟုဆိုလျှင်မမှားပါ။ သည်လိုအချိန်တွင် သူက ကျောင်းသားခေါင်းဆောင် ဘဝကို ဖြတ်သန်းခဲ့သူ၊ နိုင်ငံရေးခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်၊ လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်စသည့် အရေးပါဆုံးသော တာဝန်များကို ယူခဲ့ရသူပါ။
ထို့ပြင်တဝ၊ မြန်မာနိုင်ငံအတွက် အလွန်ကြီးကျယ်ခမ်းနားသည့် နိုင်ငံရေးလှုပ်ရှားမှုကြီးများ၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်လပ်ရေးတို့၏ ထိရောက်ပြတ်သားသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ခဲ့ပါသည်။
သည်လိုခေါင်းဆောင်တစ်ဦးကို မြန်မာနိုင်ငံကရရှိခဲ့ခြင်းမှာ တန်ဖိုးဖြတ်၍ မရနိုင်သော ကုသိုလ်ထူးတစ်ခုဟု မြင်ပါသည်။
အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းသည် အမြော်အမြင် ကြီးလှသော နိုင်ငံရေးခေါင်းဆောင် ဖြစ်ခဲ့သည့်အတိုင်း မြန်မာနိုင်ငံ၏ ရှေ့အနာဂတ်ရေးနှင့် ပတ်သက်၍ မူဝါဒများ လုပ်ငန်းစဉ်များ များစွာကို ရေးဆွဲချမှတ်ခဲ့ပါသည်။ ယင်းတို့မှာ ယနေ့ထက်တိုင် ခေတ်မီကာ ထိရောက်နေဆဲဟုလည်း မှတ်ယူပါသည်။သ
ည်လို ခေါင်းဆောင်မျိုးကို ရရှိခဲ့ဖူးသည့် နိုင်ငံတွင် သူ၏အခန်း ကဏ္ဍကို မှေးမှိန်အောင် ချေဖျက်လိုစိတ်များဖြင့် ကြိုးစားခဲ့ကြသော အာဃာတကြီးလှသည့် အာဏာရှင်များ ရှိခဲ့ဖူးသော်လည်း သူ့ကို ဖျောက်ဖျက်ပစ်လို့ မရနိုင်ကြောင်းကို သမိုင်းသက်သေပြခဲ့ပြီး ဖြစ်သည် ဟုလည်း မြင်ပါသည်။
ထို့ကြောင့် ယနေ့အနာဂတ် မြန်မာနိုင်ငံကို ဆက်လက်ပုံဖော်ကြမည့် နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံချစ်သူများသည် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်လေးစား ကြည်ညိုသည်ဟူ၍ ကိုးကွယ်ဆည်းကပ် ကြည်ညိုကန်တော့နေကြရုံမျှ မဟုတ်ဘဲ သူ၏လမ်းစဉ် မူဝါဒ လုပ်ငန်းစဉ်များကို အမှန်တကယ်နားလည်အောင် လေ့လာဆည်းပူးကြပြီး လိုက်နာ အကောင်အထည်ဖော်ကြဖို့ ကြိုးစားရင်း သူ၏ကျေးဇူးကိုဆပ်ကြဖို့ လိုအပ်သည်ဟု ယူဆမိပါကြောင်း။
မြန်မာ့အလင်း


