၁၄ ဖေဖော်ဝါရီ

ယနေ့မြန်မာနိုင်ငံတွင် အရေးကြီးသောလိုအပ်ချက်တစ်ရပ်မှာ ပြည်သူပြည်သားများ စားဝတ်နေရေးပြေလည်ရေးကို အထောက် အကူပြုမည့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်များပြား လာရေးဖြစ်သည်။ ထို့ကြောင့် အလုပ်အကိုင်များ တိုးတက်ဖော် ထုတ်ပေးနိုင်မည်ဆိုပါက ပြည်သူများ ကျေနပ်ဝမ်းမြောက်မှုဖြစ်ပြီး နိုင်ငံ၏ အနာဂတ်ခရီးလည်း ဖြောင့်ဖြူးသာယာမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် လူဦးရေတိုးပွားလာမှုနှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေးလောကအခြေအနေအရ အလုပ်အကိုင် ရှားပါး မှုနှင့်ကြုံနေရသည်ဟု ဆိုရမည်ဖြစ်သည်။ အလုပ်အကိုင်များမှာ မြို့ပြများတွင် အခွင့်အလမ်းကောင်းများ ရှိသော်လည်း ကျေးလက် တွင် ပိုမိုရှားပါးလာသည်။ အထူးသဖြင့် ကျေးလက်ဒေသမှ လူငယ်များ အလုပ်အကိုင်ရှား လာသဖြင့် ကြုံရာကျပန်းလုပ်ကိုင်ခြင်း၊ မိမိဒေသကိုစွန့်ခွာ၍ ရေကြည်ရာ၊ မြက်နုရာ မြို့ပြနှင့် ပြည်ပနိုင်ငံ များသို့ ထွက်ခွာခြင်းတို့ နေ့စဉ်ရှိနေသည်။ ယင်းတို့သည် မိမိတို့၏ အခက်အခဲကို ပြေလည်အောင် ရုန်းကန်ဖြေရှင်းခြင်းဖြစ် သော်လည်း နိုင်ငံအတွက် ကောင်းမွန်သည့်လက္ခဏာ မဟုတ်သည်မှာ သေချာပါသည်။

အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိက အားထားသောနိုင်ငံဖြစ်ပြီး နိုင်ငံနယ်မြေ၏ ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေး လုပ်ကိုင်ရာဒေသများဖြစ်သည်။ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးကို ဖြစ်ထွန်းအောင် လုပ်ကိုင်နိုင်မှ ဒေသခံပြည်သူများ အလုပ်အကိုင် အဆင်ပြေပြီး လူမှုဘဝအေးချမ်းသာယာမည်ဖြစ်သည်။ တစ်ဖက်တွင် နိုင်ငံတော်၏ စိုက်ပျိုးစွမ်းအားမြင့်မားပြီး စီးပွားတိုးတက်လာမည်ဖြစ်သည်။ လက်ရှိတွင် အခွင့်အလမ်းနည်းပါးသောကြောင့် လယ်ယာလုပ်သားများ ရှားပါးလာသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ကို ရေးဆွဲ ပြဋ္ဌာန်း၍ ဘက်စုံကဏ္ဍစုံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေ ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုစီမံကိန်းကို ယမန်နှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၈-၂၀၃၀ စီမံကိန်းကို ၁၂ နှစ်ကြာပြုလုပ်မည်ဖြစ်သည်။ MSDP တွင်ပါဝင်သည့် မဏ္ဍိုင်ကြီး သုံးရပ်တွင် လူသားများနှင့် ကမ္ဘာမြေ ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင်သည် စားနပ်ရိက္ခာ ထုတ်လုပ်နေသည့် ဆန်စပါး အပါအဝင် လယ်ယာလုပ်ငန်းများနှင့် သက်ဆိုင်ပေသည်။

ထိုမဏ္ဍိုင်သည် မြန်မာနိုင်ငံတွင်လိုအပ်နေသည့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရေးအတွက်သာမက ပြည်တွင်းစားသုံးမှု ဖူလုံရေးအပြင် ကမ္ဘာ့လူသားအများ စားသောက်ရေးကို ဖြည့်ဆည်းပေးနေသဖြင့် ထိုမဏ္ဍိုင်ကြီး အောင်မြင်တိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ အရေးပါသော ထိုမဏ္ဍိုင်ကြီး ဖွံ့ဖြိုးလာရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့နေရသော လယ်ယာ လုပ်သားရှားပါးမှု ပြဿနာများကို ထိရောက်စွာ ဖြေရှင်းပေးနိုင် မည်ဖြစ်သည်။ 

အနာဂတ်ကာလ တိုင်းပြည်တည်ဆောက်ရေးတွင် အရေးကြီးသော အချက်ဖြစ်သည့် တိုးတက်လာသော လူဦးရေအတွက် စားနပ်ရိက္ခာ ဖူလုံ ပြည့်စုံစေရေး၊ ဒေသအလိုက် အလုပ်အကိုင်ပေါများရေး ကိုရှေးရှု၍ ဆောင်ရွက်ကြရမည်ဖြစ်သည်။ လူငယ်လူရွယ်မျိုးဆက်သစ်များ၊ အထူးသဖြင့် ကျေးလက် လူငယ်လူရွယ် မျိုးဆက်သစ်များ နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်လာရေးကို မဖြစ်မနေ ဖော်ဆောင်ပေးကြရမည်ဖြစ်သည်။ လူငယ် လူရွယ်များ အသိအမြင်တိုးပွားရေး၊ ပညာ သင်ကြားရေးနှင့် အသက်မွေး ဝမ်းကျောင်းအတတ်ပညာ၊ နည်းပညာများကို ကွင်းဆင်းဆောင်ရွက် ဖြည့်ဆည်းပေးကြ ရမည်ဖြစ်သည်။ လူငယ်လူရွယ်များ၏ ဒေသအတွေ့အကြုံများ၊ သင်ခန်းစာများနှင့် စွမ်းရည်များကို ခေတ်အမြင်၊ အယူအဆနှင့် တီထွင်ဆန်းသစ်မှု များဖြင့် ပေါင်းစပ်လုပ်ကိုင်နိုင်ရန် လမ်းဖွင့်ပေးကြရမည်ဖြစ်သည်။


သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အောင်မြင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခြင်းသည် တိုင်းပြည်နှင့်လူမျိုး အနာဂတ် ဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှုဆောင်ရွက်ခြင်းဖြစ်သည်။ လက်ရှိတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဒေသအလိုက် တိုးတက်ရရှိရေး အတွက် မြန်မာနိုင်ငံအတွက် အဓိက အားထားရာ လယ်ယာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံဖြင့် တိုးတက်အောင် ကြံဆဆောင်ရွက်နိုင်ကြ လိမ့်မည်ဟု ယုံကြည်ပါသည်။ ။