မောင်သာယာ

 

လေ့လာမှုအသစ်တစ်ခုအရ ရေကြီးရေလျှံခြင်း၊ အပူလှိုင်းနှင့် မိုးခေါင်ခြင်း စသည့် ရာသီဥတု အခြေအနေများသည် လူကိုကူးစက်သည့်ရောဂါများအနက် ထက်ဝက်ကျော်ကို ပိုမိုဆိုးရွားစေကြောင်း တွေ့ရှိခဲ့ကြသည်။ အဆိုပါရောဂါများတွင် ငှက်ဖျား၊ ကာလဝမ်းရောဂါနှင့် ထောင့်သန်းနာ ရောဂါတို့ ပါဝင်သည်။

 

သုတေသနပြုလုပ်သူများသည် အဆိုပါရောဂါများ ဖြစ်ပွားမှု၏ ဆေးပညာစာပေများကို လေ့လာ ဆန်းစစ်ခဲ့ကြသည်။ လူသို့ကူးစက်သောရောဂါ ၃၇၅ မျိုးအနက် ၂၁၈ မျိုး သို့မဟုတ် ၅၈ ရာခိုင်းနှုန်း သည် ရာသီဥတုဖောက်ပြန်ခြင်းနှင့်ဆက်စပ်သော ပြင်းထန်သည့် ရာသီဥတုကြောင့် ပိုမိုဆိုးရွားသွား ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ ယင်း လေ့လာတွေ့ရှိချက်ကို Nature Climate Change ဂျာနယ်တွင် ရေးသားဖော်ပြထားသည်။

 

လေ့လာမှုအရ ရာသီဥတုဖြစ်စဉ်များမှ ဖျားနာသူများထံသို့ ရောဂါကူးစက်မှုလမ်းကြောင်းပေါင်း များစွာဖြင့် ဆက်နွှယ်နေသည်။ အချို့ကိစ္စများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ကြောင့် ခြင်၊ ကြွက်နှင့် သမင်များမှတစ်ဆင့် သယ် ဆောင်လာသည့် ရောဂါများကြောင့် လူများတွင် ရောဂါဘယများခံစားရစေပါသည်။ သမုဒ္ဒရာများ ပူနွေးမှုနှင့် အပူလှိုင်းကဲ့သို့သော အခြားသော ဖြစ်ရပ်များ၊ ပင်လယ်စာများ ပုပ်သိုးပျက်စီးခြင်းနှင့် မိုးခေါင်ခြင်းဖြစ်စဉ်များမှတစ်ဆင့် လင်းနို့ငှက်များသည်လည်း လူများထံသို့ ဗိုင်းရပ်စ်ကူးစက်မှုကို သယ်ဆောင်လာတတ်ကြသည်။

 

ရှေးပဝေသဏီကတည်းက ရာသီဥတုနှင့် ရောဂါဝေဒနာများမှာ ဆက်နွှယ်မှုရှိခဲ့ကြောင်း သိရှိထားသော်လည်း ယခုလေ့လာမှုသည် လူသားများ၏ ကျန်းမာရေးအပေါ် ရာသီဥတု၏ လွှမ်းမိုးမှု မည်မျှကျယ်ပြန့်ကြောင်း ပြသနေသည်။ ‘‘ရာသီဥတု ပြောင်းလဲရင် ရောဂါဖြစ်နိုင်ခြေတွေကလည်း ပြောင်းလဲနေပါတယ်’’ ဟု လေ့လာမှုကို ပူးတွဲပြုလုပ်သူ ဒေါက်တာ ဂျွန်နသန် ပတ်ဇ်က ပြောကြားသည်။

 

ဒေါက်တာ ကားလို့စ် ဒယ်လ်ရီယိုသည် ယခု လေ့လာမှုတွင် မပါဝင်သော အမ်မိုရီတက္ကသိုလ်မှ ကူးစက်ရောဂါအထူးကု ဆရာဝန်တစ်ဦးဖြစ်သည်။ ‘‘ဒီလေ့လာမှုရဲ့တွေ့ရှိချက်တွေက ကြောက်စရာ ကောင်းပြီးလူသားတွေရဲ့ ရောဂါဖြစ်ပွားမှုအပေါ် ရာသီဥတုပြောင်းလဲမှုရဲ့ ကြီးမားတဲ့ အကျိုးဆက် တွေကို အကောင်းဆုံးသရုပ်ဖော်ပေးနေပါတယ်” ဟု သူကပြောကြားသည်။ ရာသီဥတု ဖောက်ပြန်မှုမှ ဘေးအန္တရာယ်များကို ကာကွယ်ရန် လူသားအားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း ဒေါက်တာ ဒယ်လ်ရီယိုက ဆက်လက်ပြောကြားသည်။

 

သုတေသီများသည် ကူးစက်ရောဂါဖြစ်ပွားမှုအခြေအနေများကို ကြည့်ရှုခြင်းအပြင် ပန်းနာ ရင်ကျပ်၊ ဓာတ်မတည့်မှုနှင့် တိရစ္ဆာန်ကိုက်ခံရခြင်းကဲ့သို့သော ကူးစက်ရောဂါမဟုတ်သော အခြေအနေ များအပါအဝင် လူသားများ၏ ရောဂါအမျိုးမျိုးဆိုင်ရာ အချက်အလက်များကိုလည်း စူးစမ်းလေ့လာခဲ့ကြသည်။ ၎င်းတို့သည် ရာသီဥတုဖြစ်စဉ်များနှင့် ဖျားနာမှုများ မည်မျှဆက်နွှယ်နေသည်ကို သိရှိလိုကြခြင်း ဖြစ်သည်။ စုစုပေါင်းဖျားနာမှု ၂၈၆ ခုတွေ့ရှိခဲ့ပြီး ၂၂၃ ဦးမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် ပိုမိုဆိုးရွားလာပုံရပြီး ဖျားနာမှုကိုးခုသည် ရာသီဥတုဖောက်ပြန်မှု ကြောင့် လျော့ကျသွားသည်ကို သုတေသီများက လေ့လာတွေ့ရှိခဲ့ကြသည်။

 

ကိုယ်တွေ့ဖြစ်ရပ် ဥပမာများ

 

ဟာဝိုင်အီတက္ကသိုလ်မှ ရာသီဥတုအချက် အလက်ဆိုင်ရာကျွမ်းကျင်သူ ကာမီလို မိုရာသည် ယခုလေ့လာမှု၏ ပူးတွဲခေါင်းဆောင်တစ်ဦးဖြစ်သည်။ မိုရာက ယခုလေ့လာမှုသည် အနာဂတ် ဖြစ်နိုင်ခြေ များကို ခန့်မှန်းခြင်းမဟုတ်ဘဲ ဖြစ်ပြီးသားအခြေအနေများသာ ဖြစ်သည်ဟု ပြောကြားသည်။

မိုရာက သူကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်တစ်ခုကို ဥပမာပြသည်။ လွန်ခဲ့သည့် ငါးနှစ်က ကိုလံဘီယာကျေးလက်ဒေသရှိ မိုရာ၏အိမ်သည် ရေလွှမ်းမိုးမှုဖြစ်ပွားပြီး ခြင်ပေါက်ပွားရာ နေရာ တစ်ခုဖြစ်ခဲ့သည်။ မိုရာသည် ခြင်ကိုက်ခံရသော ဗိုင်းရပ်စ်ပိုး Chikungunya ကူးစက်ခံခဲ့ရသည်။ သူသည် အသက်ရှင်နေသော်လည်း ရောဂါနှင့် ပတ်သက် သောဝေဒနာကို ခံစားနေရဆဲဖြစ်သည်ဟု ဆိုသည်။

 

အခြားသောအခြေအနေတစ်ခုမှာ ၂၀၁၆ ခုနှစ် တွင် ဆိုက်ဘေးရီးယားဒေသ၌ ပူနွေးရာမှ အရည် ပျော်သွားမှုနှင့်အတူ ထောင့်သန်းနာကြောင့် သေဆုံးသွားသည့် သမင်နီတစ်ကောင်၏ ရုပ်ကြွင်းများကို တူးဖော်တွေ့ရှိခဲ့ကြသည်။ ကလေးငယ်တစ်ဦးက သေဆုံးနေသောသမင်ကို ထိတွေ့ကိုင်တွယ်မှုကြောင့် ထောင့်သန်းနာရောဂါပိုးဝင်သွားပြီး ရောဂါဖြစ်ပွားမှု ပျံ့နှံ့သွားခဲ့သည်။

 

ဟားဗတ်ပြည်သူ့ကျန်းမာရေး ကျောင်းရှိ ရာသီဥတု၊ ကျန်းမာရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ရေးရာဗဟိုဌာနမှ ဒေါက်တာအာရွန် ဘရန်စတင်းက သူနှင့်အခြားသောကျွမ်းကျင်သူ များက လေ့လာမှုသည် ယခုကာလနှင့်အနာဂတ် ရာသီဥတုနှင့် ကျန်းမာရေးအတွက် ကောင်းမွန် သော သတိပေးချက်ဖြစ်ကြောင်း ပြောကြားသည်။

 

သို့သော်လည်း ကျွန်တော်တို့သိပြီးသား အကြောင်းအရာနှင့် မသိသေးသည့်ရောဂါပိုးမွှား များ အကြောင်းကိုသာ အစီရင်ခံတင်ပြခြင်းမှာ နောင်လာမည့် ရာသီဥတုပြောင်းလဲမှုကို မည်သို့ တားဆီးကာကွယ်နိုင်မလဲဆိုသည်ထက် ကိုဗစ်-၁၉ ကဲ့သို့ အနာဂတ် ကပ်ရောဂါဘေးများကို မည်သို့ ကာကွယ်နိုင်မလဲဆိုသည်က ပိုမိုဆွဲဆောင်နိုင် မည်ဖြစ်ကြောင်း ဒေါက်တာဘရန်စတင်းက ဆက်လက်ပြောကြားသည်။

 

ကိုးကား- Study Connects Climate Events to Infectious Diseases ကို ဘာသာပြန် သည်။