နေပြည်တော် ဇူလိုင် ၂၁

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်ဗဟိုဌာန အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို  ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ခရီးသွားဧည့်သည်များ အပြန်အလှန် သွားလာလည်ပတ်ရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အတွက် အာဆီယံ-တရုတ်ဗဟို ဌာနနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ တရုတ်နိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာ ခရီးသွားပြပွဲများ၊ ပွဲတော်များနှင့် ကုန်စည်ပြပွဲများသို့ ဖိတ်ကြားရေးကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့်  ဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)