ပူတာအို ဇူလိုင် ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ရေခဲတောင်ဒေသအပါအဝင် ရေခဲတောင်များဖုံးလွမ်းရာ တိဘက်ကုန်းမြင့်ဒေသနှင့် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ တစ်သောင်းအထက်တွင်သာ ရှာဖွေတွေ့ရှိနိုင်သည့် ဆေးဖက်ဝင် ရှီးပတီး (ခေါ်) ပိုးဆေးနွယ်ရှင်သည် ခက်ခက်ခဲခဲရှာဖွေရသော ဆေးဖက်ဝင်တစ်မျိုးဖြစ်သည်။
“ရှီးပတီးရှာဖို့ဆိုတာ လွယ်တလိုလိုနဲ့ တကယ်တမ်းတော့ မလွယ်ပါဘူး။ ဆောင်းတွင်း ပွင့်လင်းရာသီ ခရီးသွားရာသီမှာဆို ကျွန်တော်တို့က ခရီးသွားဧည့်သည်တွေနဲ့အတူ ဧည့်လမ်းပြလုပ်ရင်း ရေခဲတောင်ပေါ်တို့ ပို့ဆောင်ပေးပါတယ်။ အဲဒီခရီးသွားရာသီကုန်တာနဲ့ တစ်ပြိုင်တည်း ကျွန်တော်တို့ရဲ့ ဝမ်းစာစားဝတ်နေရေးအတွက် ဝင်ငွေရရှိနိုင်တဲ့ ရှီးပတီးရှာဖို့ရာသီ ရောက်ရှိလို့လာပါတယ်”ဟု ကိုယ်တိုင် ရှီးပတီးရှာဖွေသူ ဒေသခံတစ်ဦးက ပြောသည်။
ဆေးဖက်ဝင် ရှီးပတီး (ခေါ်) ပိုးဆေးနွယ်ရှင် ရှာဖွေနိုင်ရန်အတွက် ဧပြီလနှင့် မေလများတွင် တောင်ပေါ် ရေခဲအစပ်နှင့် ရေခဲတောင်သို့ ခက်ခက်ခဲခဲ ရိက္ခာစုဆောင်းပို့ဆောင်နေရမှု အဆင့်ဆင့်များကိုလည်း ၎င်းက ယခုလို ဆက်လက်ပြောကြားသည်။
“ရှီးပတီးရှာဖို့ရန်အတွက် ဧပြီလအလယ်လောက်မှာ တောင်ပေါ်သို့ ရိက္ခာအရင်တစ်ခါသွားပို့ရတယ်။ ပြီးတော့မှ မေလဆန်းရောက်တာနဲ့တော့ ပြန်တစ်ခါကျန်တဲ့ ရိက္ခာအပြည့်ထမ်းပြီး မနိုင်မနင်းတောင်ပေါ်ကို တက်ကြရတယ်။ ဘာကြောင့်လဲဆိုတော့ လနဲ့ချီနေရမှာမို့ တစ်ခါထဲထမ်းပို့ရင် ရိက္ခာမလောက်ပါဘူး။ ပြီးတော့ ခက်ခက်ခဲခဲနဲ့ အလေးကြီးတွေထမ်းပြီး တောင်ပေါ်ရောက်တာနဲ့ ရှာရတာမဟုတ်ဘူး။ တောင်အောက်က ရေခဲစပ်မှာနေပြီး ရှီးပတီမှော်ထဲက ကိုယ်နေမဲ့နေရာအထိ တစ်ဆင့် ထင်းပြန်ထမ်းရတယ်။ ခရီးကဝေးတော့ တစ်ရက်ကိုတစ်ခေါက်လောက်ပဲ ထမ်းလို့နိုင်တယ်။ အဲလို ထင်း၊ ရိက္ခာတွေကို ကြိုတင်ပို့ဆောင်စုဆောင်းပြီး အားလုံးအဆင်သင့်ဖြစ်သွားပြီးဆိုမှ ရေခဲအစပ်ကနေ မှော်ထဲကိုပြောင်းပြီး ရှာကြရတယ်”ဟု ပြောသည်။
ရှီးပတီး (ခေါ်) ပိုးဆေးနွယ်ရှင်သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ တစ်သောင်းအထက်တွင်သာ သဘာဝအလျောက် ပေါက်ရောက်သော ဆေးဖက်ဝင်တစ်မျိုးဖြစ်ပြီး ရှီးပတီ (ခေါ်) ပိုးဆေးနွယ်ရှင်များကို အများအားဖြင့် ရေခဲများအရည်ပျော်သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ် စသည့် မိုးတွင်းကာလများတွင် သွားရောက်ရှာဖွေကြရသည်။
အဆိုပါ ရှီးပတီ (ခေါ်) ပိုးဆေးနွယ်ရှင်အကောင်များကို ပျားရည်၊ ဦးရေနှင့် အခြား ဆေးမြစ် ဆေးဥများနှင့် ရောစပ်ကာ ဆေးစိမ်ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ အကောင်လိုက်သော်လည်းကောင်း အမျိုးမျိုးရောင်းဝယ်လျက်ရှိရာ ကျန်းမာရေးအတွက် အကျိုးပြုသော ဆေးဖက်ဝင်တစ်မျိုးဖြစ်ခြင်းကြောင့် ပူတာအိုဒေသသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားများက ဆေးအဖြစ်မှီဝဲရန် လည်းကောင်း၊ မိတ်ဆွေ သူငယ်ချင်းများကို လက်ဆောင်အဖြစ်ပေးရန် လည်းကောင်း ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


