နေပြည်တော်၊ ဇူလိုင် ၃၁
၂၀၂၃ ခုနှစ်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အဆင့် စံပြရဲရွေးချယ်ရေး ရေးဖြေစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ရုံအမှတ်(၈)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ အရိန္နမာခန်းမ၌ ကျင်းပရာ ရေးဖြေ စာမေးပွဲဖြေဆိုနေမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲချုပ်များနှင့် ရဲအရာရှိကြီးများက ကြည့်ရှု အားပေးကြသည်။
အဆိုပါစံပြရဲ စိစစ်ရွေးချယ်ခြင်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များနှင့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး စိတ်ဓာတ်မြင့်မားမှု၊ စည်းကမ်းကောင်းမွန်မှု၊ သစ္စာရှိမှု၊ စည်းလုံးညီညွတ်မှု၊ လုပ်ငန်းစွမ်းရည်ပြည့်ဝမှုနှင့် ဗဟုသုတကြွယ်ဝပြည့်စုံမှုတို့၌ “စံ” ပြုနိုင်ရေးအတွက် စံပြရဲစိစစ်ရွေးချယ်ခြင်းကို ရေးဖြေစာမေးပွဲစစ်ဆေးခြင်း၊ ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း အဆင့်ဆင့်တို့တွင် အမှတ်အများဆုံးရရှိသည့် တပ်ဖွဲ့ဝင်များအား စံပြရဲအဖြစ်ရွေးချယ်ကာ နှစ်စဉ် ကျင်းပသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ဆုချီးမြှင့်လျက်ရှိသည်။
ထိုသို့ စံပြရဲရွေးချယ်ရေးကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင် ရဲတပ်သား အဆင့်(၁၉)ဦး၊ ရဲဒုတပ်ကြပ် အဆင့်(၁၃)ဦး၊ ရဲတပ်ကြပ်အဆင့်(၁၆)ဦး၊ ရဲတပ်ကြပ်ကြီး အဆင့်(၂၁)ဦး၊ ရဲအရာခံအဆင့်(၄)ဦး၊ ဒုရဲအုပ် အဆင့်(၂၇)ဦးနှင့် ရဲအုပ်အဆင့်(၁၅)ဦး စုစုပေါင်း ရဲတပ်ဖွဲ့ဝင် အမျိုးသား (၁၁၃)ဦး၊ အမျိုးသမီး(၂)ဦး၊ ပေါင်း ၁၁၅ ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းတို့ကို သတ်မှတ်နေ့ရက် များအလိုက် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


