နေပြည်တော် ဩဂုတ် ၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချ အောင်ပွဲမင်္ဂလာ ကုသိုလ်တော်မဟာမင်္ဂလာအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ သတ်မှတ်နေရာများ၌ ကျင်းပရာ ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ကြည်ညိုကြသည်။
ကြွရောက်ချီးမြှင့်တော်မူ
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး ဩဝါဒါစရိယ ဆရာတော်ကြီးများဖြစ်တော်မူသည့် နိုင်ငံတော်ဩဝါဒါစရိယသောဠသမ ရွှေကျင် သာသနာပိုင်ဆရာတော်၊သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်း တိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော်အပါး ၉၀၀၊ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး အပါး ၂၀ တို့ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ မိသားစု ဝင်များနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်း ရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များနှင့် ဓမ္မမိတ်ဆွေများ၊ ဝတ်အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုပူဇော်ကြသည်။
ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်း တော်၊ ရွှေကြာသင်္ကန်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း
ထို့နောက် သံဃာတော် ၈၅၅ ပါးတို့ အား ရင်ပြင်တော်ပေါ်ရှိ သံဃာတော် မဏ္ဍပ်ကြီး ၄ ဆောင်သို့လည်းကောင်း၊ အနေကဇာတင် ပူဇော်နိုင်ရေးအတွက် ပါဠိဆရာတော် အမှူးပြုသော သံဃာတော် ၁၂ ပါးတို့အား မုစလိန္ဒနှင့် သာသနာ့ဗိမာန် တော်သို့လည်းကောင်း၊ မာရဝိဇယ ကျောင်းတော်တွင် သီတင်းသုံးမည့် ဆရာတော် ၅ ပါးတို့အား မာရဝိဇယ ကျောင်းတော်သို့လည်းကောင်း၊ မဟာ ထေရ် ၉ ပါးတို့အား ထေရာသနနေရာ သို့လည်းကောင်း ဥပါသကာများက ပင့်ဆောင်ကြပြီး မင်္ဂလာဘိသိက်ပန်း၊ အောင်တံခွန်၊ အောင်ကုက္ကားများ ဆက်ကပ်ကြသည်။
ယင်းနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မာရဝိဇယဗုဒ္ဓပူဇာဓမ္မ တေးဖြင့်ပူဇော်၍ မင်္ဂလာငွေခရုနှင့် အောင်စည်အောင်မောင်း သုံးကြိမ် တီးခတ်ပူဇော်သည်။
ဆက်လက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ပြည်ပနိုင်ငံများမှ သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးပါရန် သီတဂူဆရာတော်ကြီးထံ အခမ်းအနားကို လွှဲအပ်သည်။
ထို့နောက် ကြွရောက်တော်မူကြသည့် ကမ္ဘောဒီးယားနိုင်ငံမှ သံဃာတော်ခြောက်ပါး၊ ထိုင်းနိုင်ငံမှ သံဃာတော် ၁၁ ပါး၊ နီပေါနိုင်ငံမှ သံဃာတော် ၁၀ ပါး ၊ ဗီယက်နမ်နိုင်ငံမှ သံဃာတော် ၁၁ ပါး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံဃာတော် ၁၀ ပါး၊ လာအိုနိုင်ငံမှ သံဃာတော် ခြောက်ပါး၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော် ၁၁ ပါးနှင့် အိန္ဒိယနိုင်ငံမှ သံဃာတော် ငါးပါးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။
ထို့အတူ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် ပြည်တွင်းမှ သံဃာတော်များက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဒါန်းပါဠိတော်လာ နည်းအတိုင်း ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီးက ဇယောဟိ ဗုဒ္ဓဿ သီရိမတော အစချီ ဇယမင်္ဂလာ အောင်ဘိသိက်ဂါထာတော် ကို ရွတ်ဆိုပူဇော်၍ ဂါထာတော်ပြီးဆုံးချိန် တွင် သာဓုသုံးကြိမ်ခေါ်ဆိုပြီး လျှပ်ပန်းရောင်စုံမီးပန်းစုံတို့ဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပူဇော်၍အခမ်းအနားအစီအစဉ် ပထမပိုင်းကို ရုပ်သိမ်းလိုက်သည်။
ကျောက်စာရုံစေတီများအား ရွှေထီးတော်တင်လှူပူဇော်ခြင်း
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအဖြစ် ကျောက်စာရုံစေတီများအား ရွှေထီးတော်တင်လှူပူဇော်ခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ အလှ ပန်းစိုက် ငွေဖလားကိုင်၊ သာသနာ့အလံကိုင်၊ ထီးဖြူတော်ကိုင်၊ မင်္ဂလာဝေါယာဉ်တော်ကိုင် ဥပါသကာများ၊ ဒေဝါဝင်း၊ ရာဇာဝင်းများ၊ ပန်းကြဲအဖွဲ့နှင့် ဝတ်အသင်းအဖွဲ့များက ကျောက်စာရုံ စေတီတော်အဝင်မုခ်ဦးရှိ သတ်မှတ်နေရာ များတွင် နေရာယူကြပြီး တာဝန်ရှိသူများက မဟာထေရ်ဆရာတော်ကြီး ၁၁ ပါးအား ထေရာသနမဏ္ဍပ်သို့ ပင့်ဆောင်ပေးကြသည်။
ယင်းနောက် ဘုရားဒါယကာ၊ ဒါယိကာမများက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်၍ မင်္ဂလာမော်ကွန်း ကျောက်စာရုံစေတီ တော်အား လက်ယာရစ် လှည့်လည်ပူဇော်ကာ အပူဇော်ခံနေရာသို့ ပို့ဆောင်ပြီး ကုသိုလ်တော်မဏ္ဍပ်တွင် နေရာယူကြသည်။
ဆက်လက်၍ ဆရာတော်ကြီးများက ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ-ဂါထာ၊ သဗ္ဗီတိယော ဝိဝဇ္ဇန္တု-ဂါထာနှင့် ဘဝတု- သုံးဂါထာတို့ကို ရွတ်ဆို၍ မေတ္တာပြုပူဇော်ကြပြီး ဘုရားဒါယကာ၊ ဒါယိကာမများက ရတနတ္တယပူဇာဂါထာနှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့ လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာ ရွတ်ဆိုပွားများ ပူဇော်ကြသည်။
ထို့နောက် ဆရာတော်ကြီး သုံးပါး၊ ဦးဆောင်ဘုရားဒါယကာနှင့် ဘုရားဒါယကာများက စေတီတော်အထွတ်ငြမ်းထက်သို့ တက်ရောက်နေရာယူပြီးချိန်တွင် အရံစေတီတော် လေးဆူနှင့် ကျောက်စာရုံ စေတီ အဆူ ၇၂၀ တို့အား ရွှေထီးတော် တင်လှူကြမည့် အလှူရှင်ဘုရားဒါယကာ များကလည်း စေတီတော်အထွတ်ငြမ်းထက်သို့ ဆက်လက်တက်ရောက်နေရာယူကြသည်။
ယင်းနောက် အခမ်းအနားမှူးက မင်္ဂလာအခါတော်ဟု ကြွေးကြော်လိုက်သည်နှင့် တစ်ပြိုင်တည်း ဦးဆောင်ဘုရား ဒါယကာက ရွှေထီးတော်ဘုံအဆင့်များ၊ ရတနာငှက်မြတ်နားတော်နှင့် ရတနာ စိန်ဖူးတော်တို့ကို အစဉ်အတိုင်း တင်လှူပူဇော်ပြီး စေတီတော်အထွတ်တွင် သာသနာ့အောင်လံတော်ကို လွှင့်ထူပူဇော်သည်။
ထို့အတူ အလှူရှင် ဘုရားဒါယကာများက အရံစေတီတော်လေးဆူနှင့် ကျောက်စာရုံ စေတီတော်များအား ရွှေထီးတော်များ တင်လှူပူဇော်ကြပြီး ရွှေထီးတော်မြတ်များအား ပရိတ်နံ့သာရေ၊ တရော်ကင်ပွန်းရေ၊ ရေစင်ရေသန့်တို့ ဖြင့် ပက်ဖျန်းသန့်စင် သွန်းလောင်း ပူဇော်ကြသည်။
ဆက်လက်၍ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် ဧည့်ပရိသတ်များက မဟာ မင်္ဂလာအခမ်းအနားများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်၍ “အောင်ပြီ” ဟု သံပြိုင်ညီညာ သုံးကြိမ်ကြွေးကြော်ကြကာ အခမ်းအနားမှူးက အောင်ဆုမင်္ဂလာ အမျှဝေစာတမ်းလွှာကို ဖတ်ကြားပူဇော်သည်။ ထို့နောက် ဥပါသကာများက ဆရာတော်ကြီးများအား အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ သံဃာတော် နားနေဆောင်သို့ ပင့်ဆောင်ကြသည်။
ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဆည်းပူးခြင်း
ယင်းနောက် အခမ်းအနားအစီအစဉ် တတိယပိုင်းအဖြစ် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဆည်းပူးခြင်း အစီအစဉ်ကို အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ရာ တက်ရောက်လာသည့် ဧည့်ပရိသတ်များက အခမ်း အနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်၊ ရတနာသုံးပါးဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားရာတွင် ယနေ့ကျင်းပသည့် မဟာမင်္ဂလာအခမ်းအနားများသို့ ခရီးလမ်းပင်ပန်းမှု စသည်ကို ဥပေက္ခာပြုလျက် မေတ္တာတရား ရှေ့ထားကာ ကြွရောက်ချီးမြှင့်တော်မူ ကြပါသော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်ကြီးများအား ကျန်းမာရွှင်လန်း စွာဖြင့် စုံစုံညီညီ ဖူးမြော်ခွင့်ရရှိပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားခွင့်ရရှိသည့်အတွက် ပီတိသောမနဿ ကုသိုလ်စိတ် များ တိုးပွားဖြစ်ပေါ်ရပါသည်ကို ဦးစွာလျှောက်ထားအပ်ပါကြောင်း။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားရာတွင် ရည်ရွယ်ချက်လေး ရပ်ထားရှိခဲ့ပြီး နိုင်ငံတော်တွင် ထေရဝါဒဗုဒ္ဓဘာသာခိုင်မာစွာ ထွန်းလင်းတောက်ပနေမှုကို ကမ္ဘာကိုပြသနိုင်ရန်၊ မြန်မာနိုင်ငံ၌ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်အဖြစ် သာသနာတော်ပြန့်ပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင် ရွက်နိုင်ရန်တို့အပြင် ပြည်သူပြည်သား အားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်ပြီး ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားနိုင်စေရန် ဗုဒ္ဓမြတ်စွာ၏ အေးမြသည့် မေတ္တာရိပ် အောက်၌ အားလုံးလုံခြုံအေးချမ်းစွာဖြင့် သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရန် အတွက် နိုင်ငံတော်ကြီး သာယာဝပြောမှု ရှိစေရန်လည်းရည်ရွယ်ပါကြောင်း၊ ထို့ပြင် မိမိတို့ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှုနှင့် မေတ္တာတရားကို အလေးထားသည်နှင့်အညီ ဗုဒ္ဓဘာသာကိုအခြေခံပြီး ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှု ဖြစ်စေရန်လည်း ရည်ရွယ်တည်ထားခဲ့ခြင်း ဖြစ်ပါကြောင်း။
ဆက်လက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ပတ်သက်ပြီး ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံ အလှူရှင်တစ်ဦးက လှူဒါန်းခဲ့သည့် စကျင်ကျောက်တုံးတော်ကြီးကို မိမိဦးဆောင် သည့် တပ်မတော်က ဗုဒ္ဓရုပ်ပွားတော်တည်ထားနိုင်ရန် လွှဲအပ်ပေးခဲ့ပါကြောင်း၊ အဆိုပါ ကျောက်တုံးတော်ကြီးကို ကျွမ်းကျင်ပညာရှင်များနှင့် အသေးစိတ် စစ်ဆေးတွက်ချက်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်တူးဖော်ခဲ့ရာ တွင် ၂၀၁၉ ခုနှစ် မတ်လ၌ အမြင့် ၆၅ ပေရှိ အရည်အသွေး A အဆင့်ရှိသော ကျောက်တုံးတော်ကြီးကို ဖော်ထုတ်ရရှိခဲ့ပါကြောင်း။
ဆင်းတုတော်ကြီး တည်ထားကိုးကွယ်ရန်အတွက် ကျေးဇူးရှင် ဗန်းမော်ဆရာ တော်ကြီး၊ သီတဂူဆရာတော်၊ ရွှေသုဝဏ် ဆရာတော်၊ ပါမောက္ခချုပ်ဆရာတော် စသည့် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခဲ့ပြီး ဘူမိဖဿပုံစံ တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး ကိုလိုနီဖြစ်ခဲ့တဲ့ ကာလအတွင်း ယဉ်ကျေးမှုအဆက်ပြတ် သွားခဲ့ခြင်းကြောင့် နောက်ဆုံးကျန်ရှိခဲ့ သည့် ယဉ်ကျေးမှုကိုရယူရန် ရတနာပုံ ခေတ်ဟန်နှင့်သာ ထုဆစ်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း။
ကျောက်တုံးတော်ကြီးများကို သယ်ယူရေးစီစဉ်ဆောင်ရွက်ခဲ့ရာတွင် ကုန်းလမ်း ကသယ်ယူရန် အခက်အခဲများရှိသည့်အတွက် စကျင်တောင်မှ ဧရာဝတီမြစ်၊ ၎င်းမှ ဆီမီးခုံဆိပ်ကမ်း၊ ထိုမှတစ်ဆင့် ကုန်းလမ်းမှနေပြည်တော်သို့ ဩဝါဒါ စရိယ ဆရာတော်ကြီးများထံမှ ဩဝါဒနှင့်အညီ ကျောက်တုံးတော်ကြီးများကို ပိုင်းဖြတ်သယ်ယူ ပင့်ဆောင်ခြင်းများ ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရပါကြောင်း၊ စကျင်တောင်မှ သယ်ဆောင်နိုင်ရန်အတွက် ဧရာဝတီမြစ်ထဲဝင်ရောက်မည့် မြောင်မြစ်အထိ တူးမြောင်းဖောက်လုပ် သယ်ဆောင်ခဲ့ပါကြောင်း။
ကျောက်တုံးတော်များကို ဧရာဝတီ မြစ်ရေပြည့်သည့်အချိန် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၃ ရက်တွင် စတင်ပင့်ခဲ့ပါကြောင်း၊ စုစုပေါင်းအနေဖြင့် ကိုးကြိမ် ပင့်ဆောင်ခဲ့ရကာ တန်ချိန်အားဖြင့် ၈၁၅၈ တန် သယ်ဆောင်ခဲ့ရာ စက်တင်ဘာ ၁၈ ရက်တွင် ကျောက်တုံးတော်ကြီးများအားလုံး ဆီမီးခုံဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ရေလမ်းခရီးနှင့် စကျင်ကျောက်တုံးတော်ကြီးကို သယ်ဆောင်ခြင်းသည် ကမ္ဘာပေါ်တွင် မှတ်တမ်းဝင်ခဲ့ပါကြောင်း၊ ဆီမီးခုံ ဆိပ်ကမ်းမှ စကားအင်းအဝိုင်းအကြား ကျောက်တုံးတော်ကြီးများ ချောမွေ့စွာ သယ်ယူပင့်ဆောင်နိုင်ရန် ၂၂ မိုင် ၅ ဖာလုံ အရှည်လမ်းကို အသစ်ဖောက်လုပ်ရုံသာမက ရန်ကုန်-မန္တလေးအမြန်လမ်း စကားအင်းအဝိုင်းမှ ဗုဒ္ဓဥယျာဉ်တော်အကြား လမ်းလွှဲ ၈၂ နေရာ၊ အရှည်မိုင် ၃၀ ကျော်ကို ပြင်ဆင်ဆောင်ရွက်ပြီးနောက် နေပြည်တော်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် စတင်ပင့်ဆောင်ခဲ့ပါကြောင်း။
ကျောက်တုံးတော်ကြီးများကို ကုန်း လမ်းခရီးနှင့် စုစုပေါင်းခုနစ်ခေါက် သယ်ယူခဲ့ရပြီး အလေးချိန်အနေဖြင့် ၇၆၃၂ တန် ရှိပါကြောင်း၊ အဲဒီလိုကျောက်တုံးတော် ကြီးများကို ပင့်ဆောင်သည့် Modula Trailar များ ထုတ်လုပ်သော ဂျာမနီနိုင်ငံမှ Goldhofer Company အနေဖြင့် ကမ္ဘာပေါ်တွင် အလေးချိန်အများဆုံး အရာဝတ္ထုများကို ခရီးအကွာအဝေးအရှည်ဆုံး ရွှေ့ပြောင်းသယ်ယူနိုင်ခဲ့သည့် အသိ အမှတ်ပြုလက်မှတ်ကို ပေးအပ်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် အလေးချိန် အများဆုံး စကျင်ကျောက်အား ကမ္ဘာတွင် အဝေးဆုံးသော ရေလမ်းခရီးသယ်ဆောင်မှုနှင့် အဝေးဆုံးသော ကုန်းလမ်းခရီး သယ်ဆောင်မှုတို့ကို ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်အတွက် မြေနေရာကို စနစ်တကျ လေ့လာအကွက်ချ တွက်ချက် ဆောင်ရွက်ခဲ့သကဲ့သို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ထံ၌လည်း ဩဝါဒခံယူခဲ့ပြီး ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ ပြည့်စုံစွာဖြင့် ထည့်သွင်း တည်ဆောက်နိုင်ရေး အလေးထား စဉ်းစား ဆောင်ရွက်ခဲ့ပါကြောင်း၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံကို ပါဠိအက္ခရာ၊ Romanize Language ဖြင့် ရေးထိုးနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘွဲ့အမည်ကိုလည်း “မာရဝိဇယ” ဟူသည့် ဘွဲ့အမည်ကို ဆက်ကပ်ခဲ့ခြင်းဖြစ်ပါကြောင်း။
ရုပ်ပွားတော်ကြီး ထုဆစ်ရာတွင် ဘုရားရှင်တို့၏ လက္ခဏာတော်ကြီး ၃၂ ပါး၊ လက္ခဏာတော်ငယ် အပါး ၈၀ တို့ နှင့် ညီညွတ်စွာ ကြည်ညိုသပ္ပာယ်အောင် ထုဆစ်ပူဇော်ရန် ရည်သန်ခဲ့ပါကြောင်း၊ ရုပ်ပွားတော်ကြီး၏ မျက်နှာတော်အနေ အထားကို အနည်းငယ် ပြုံးနေတော် မူဟန်၊ ဖူးမြော်သူများ ကြည်ညိုစဖွယ် ဖူးမြင်နိုင်ရန် ဦးခေါင်းတော်ကို အရှေ့ ၇ ဒသမ ၅ ဒီဂရီ စောင်းပြီးတည်ထားပါကြောင်း၊ ဆင်းတုတော်ကြီးအား ထုဆစ်ရာတွင် အပိုင်းလိုက်ခွဲကာ CNC စက်များနှင့် အဆင့်ဆင့်ထွင်းထုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဆင်းတုတော်အပိုင်းများ တွဲဆက်ရာတွင် ခိုင်မာမှုရှိစေရေးအတွက် ခေတ်မီ နည်းပညာများနှင့် ဆောင်ရွက်ထားသည့် နည်းတူ တွဲဆက်ထားသည့် ဆင်းတုတော် အပိုင်းများကို ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပပညာရှင်မပါဘဲ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် တပ်မတော်သား အင်ဂျင်နီယာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊
အဆိုပါ ပင့်ထောင်ခြင်းလုပ်ငန်းနှင့် ပင့်ဆောင်ခြင်းလုပ်ငန်းများကို အမှား အယွင်းမရှိစေရေး ခက်ခက်ခဲခဲဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ဆင်းတုတော် အပိုင်း(၁၊ ၂၊ ၃)တို့ကို ရတနာပလ္လင်တော် ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်ကို အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင်ခဲ့ပါကြောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ပထမအကြိမ် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဒုတိယအကြိမ် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားတို့ကို ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်း လုံးမှ(၇)ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင် များက ကုသိုလ်ပြုလှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက်ရတနာ ဌာပနာ တော်ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူ ပူဇော်နိုင်ခဲ့ပါကြောင်း၊ ရုပ်ပွားတော်မြတ် ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် တန်ချိန် ၂၀၀၀၀ ထိ ခံနိုင်သည့် အောက်ခံအမာရရှိရေး၊ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်း မုန်တိုင်း တိုက်ခတ်မှုဒဏ်ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင် အမြင့်ဆုံး လှုပ်ခတ်နိုင် သည့် Earthquake Magnitude ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက် အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျ တွက်ချက် တည်ဆောက်ခဲ့ပါကြောင်း၊ ဆင်းတုတော်ကြီး၏ ကျောက်တုံးတော် ကြီးများကို တွဲဆက်ခြင်းများ ဆောင်ရွက်ရာတွင်လည်း သမားရိုးကျနည်းလမ်းများနှင့် ခေတ်မီနည်းလမ်းများ ပေါင်းစပ်တည်ဆောက်ခဲ့ရာ ဉာဏ်တော် ၆၃ ပေ၊ ပလ္လင်တော် ၁၈ ပေ၊ စုစုပေါင်း ၈၁ ပေ အမြင့်ဆောင်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရတနာပုံခေတ်ဟန်အတိုင်း ခေတ်မီနည်းစနစ်ဖြင့် ပေါင်းစပ်ကာ ကြည်ညိုစဖွယ် သပ္ပာယ်လှသည့် ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်မြတ်ကြီးအဖြစ် အောင်မြင်စွာ တည်ထားပူဇော် နိုင်ခဲ့ပြီဖြစ်သည်ကို ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ လျှောက်ထားအပ်ပါကြောင်း၊ ကျောက်တုံးတော်ကြီး စတင်တူးဖော်ချိန်မှ ယနေ့အထိ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရာမှာ ပါဝင်သူ တစ်ဦး တစ်ယောက်မျှ ကြီးမားသည့် ထိခိုက် ဒဏ်ရာရမှုများ မရှိခဲ့ပါကြောင်း။
ရုပ်ပွားတော်မြတ်ကြီး၏ ရင်ပြင်တော်ကို စကျင်ကျောက်ခင်းရုံသာမက မန္တလေးမြို့ အတုမရှိ ကျောင်းတော်ကြီး ပုံစံအတိုင်း မြတ်စွာဘုရားဟောကြားသည့် တရားတော်များအနက်အကြီး မြတ်ဆုံးဖြစ်တော်မူသော ပဋ္ဌာန်းမြတ် ဒေသနာ ၂၄ ပစ္စည်းကို ရည်စူးလျက် ဂန္ဓကုဋိတိုက်များကိုလည်း အဆောင်တစ်ခုနှင့်တစ်ခု အနုလက်ရာများ လုံးဝမတူညီသည့် ၂၄ ဆောင် တည်ဆောက်ထားပြီး ဘုရားဖူးလာပြည်သူများအနေဖြင့် နေပူပြင်းသည့် အချိန်များတွင် ဂန္ဓကုဋိတိုက်တော်များအတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုနိုင်စေရန် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ရင်ပြင်တော်တွင် တံခွန်တိုင်နှင့် သဒ္ဒါဓိပတိ ခေါင်းလောင်းတော်တို့ကိုလည်း ထည့်သွင်းတည်ဆောက်ထားပြီး မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်ပေါ် တက်ရောက်နိုင်ရန် စက်လှေကားကိုလည်း ထည့်သွင်းတည်ဆောက် ထားရှိပါကြောင်း၊ ဘုရားကြီးပရိဝုဏ်တော်အတွင်း အိန္ဒိယနိုင်ငံမှ ရရှိသည့် ဗောဓိညောင်ပင်ကိုလည်း စိုက်ပျိုးထားရှိကာ ရုပ်ပွားတော်ကြီး၏ ဘယ်ဘက်နှင့် ညာဘက်တို့တွင် လုမ္ဗိနီအင်ကြင်းတောနှင့် ရုပ်ပွားတော်ကြီး၏ အနောက်ဘက်တွင် လင်းလွန်းပင်နှင့် လုမ္ဗိနီအင်ကြင်းပင်များကို စိုက်ပျိုးထားရှိပါကြောင်း။
“ဓမ္မ၊ ဝိနယဟူသော ပိဋကတ်သုံးဖြာသည် ဘုရားရှင်ပမာအားလုံးတို့၏ ဆရာ အဖြစ်တည်ရှိနေ၏”ဟူသော ဆရာတော်များထံမှ နာယူရသည့်ဒေသနာတော်ကို ဦးထိပ်ပန်ဆင်ပြီး ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်များကို ကျောက်ထက် အက္ခရာ တင်လှူရန်စီမံခဲ့ရာတွင် ရုပ်ပွားတော်မြတ်ကြီး ရှေ့မျက်နှာတော်မူရာ တည့်တည့်တွင် ကျောက်စာရုံစေတီများ တည်ဆောက်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊
စကျင်ကျောက်ချပ်များပေါ်တွင် ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်း၍ တည်ထားဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ကျောက်စာရုံစေတီတော်များကို မန္တလေးမြို့ မဟာကုသိုလ်တော်ဘုရား ကျောက်စာရုံများပုံစံယူ၍ ကျောက်စာရုံ စေတီ ၇၂၀ နှင့် မော်ကွန်းကျောက်စာ စေတီတော်တစ်ဆူတို့ကို တည်ဆောက်ခဲ့ပါကြောင်း၊ နှစ်ဘာသာဖြင့် ရေးထွင်း ပူဇော်ခြင်းဖြစ်၍ ကျောက်စာချပ်ရေ ၁၄၄၀ ချပ်ရှိပါကြောင်း၊ ကျောက်စာများ ရေးထိုးရာတွင်လည်း မှားယွင်းမှုမရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၊ ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး)နှင့် သီတဂူသာသနာ့တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ ဦးဆောင်မှုဖြင့် ဆရာတော်ကြီးများက နေ့စဉ်တည်းဖြတ် ၍ စနစ်တကျ မှတ်တမ်းတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျောက်စာရုံစေတီတော်များ တည်ဆောက်ရာတွင် မြေနေရာခိုင်ခံ့မှုရှိစေရေး စနစ်တကျဖြင့် ဆောင်ရွက်ခဲ့ပြီး ကျောက်စာချပ်များ အားလုံး အချိန်မီရေးထိုးပြီးစီးနိုင်ရန် CNC စက်များဖြင့် ရေးထိုးဆောင်ရွက်ခဲ့ပြီး အမှားအယွင်း မရှိစေရေးအတွက်လည်း အကြိမ်ကြိမ် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း၊ မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံ အဋ္ဌကထာဋီကာ ကျမ်းစာများသည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာတွင် တည်ရှိ နေမည်ဖြစ်ပါကြောင်း၊ ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာ တင်ရုံမျှမက ကျမ်းစာအဖြစ်လည်းရိုက်နှိပ်ပြီး ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သည့် ဘာသာ ရေးဌာနများသို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါကြောင်း။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စောင့်ရှောက်ရန်အတွက် ဩဝါဒါစရိယ ဆရာတော်ကြီးများရှိရန် လိုအပ်သည့်အတွက် မာရဝိဇယကျောင်းတော်ကို တည်ဆောက်ခဲ့ပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ဝိနည်းမဟာဝါပါဠိတော်၊ ဝိနည်းမဟာဝါ အဋ္ဌကထာ၊ သာရတ္ထဋီကာ၊ မူလပဏ္ဏာသ အဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊ ဇာတကအဋ္ဌ ကထာစသည့် ပိဋကတ်တော်လာ အဆို များနှင့် မဟာဗုဒ္ဓဝင် ကျမ်းဂန်တော်များ နှင့်အညီ မုစလိန္ဒကန်နှင့် နဂါးရုံဘုရားတို့ကို ပြည့်စုံစွာ တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်ပါကြောင်း။
တပည့်တော် ဆက်လက်လျှောက် ထားလိုသည်မှာ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ အခြံအရံကုသိုလ်တော်အဖြစ် သာသနာ့ဗိမာန်တော်ကြီးကို နိုင်ငံတစ်ဝန်းလုံးရှိ အများပြည်သူများက တည်ဆောက်လှူဒါန်း ပူဇော်ထားခြင်း ဖြစ်ပါကြောင်း၊ ဆဋ္ဌသင်္ဂါယနာတင်သည့် အချိန်ကာလတွင် ယခင်ဝန်ကြီးချုပ် ဟောင်း ဦးနု ဦးဆောင်သော ပြည်သူများက စုပေါင်းတည်ဆောက်လှူဒါန်းခဲ့သည့် မဟာပါသာဏ လိုဏ်ဂူတော်ကြီးကို နမူနာယူ၍ ခေတ်မီဒီဇိုင်းဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် ကြီးသည် ဝိသုံဂါမသိမ်တော်ကြီးလည်းဖြစ်ပြီး သံဃာအပါး ၉၀၀၊ လူပုဂ္ဂိုလ် ၁၂၀၀ ဝင်ဆံ့၍ နိုင်ငံတော်အဆင့်သာသနာ ရေးဆိုင်ရာ အခမ်းအနားများ ကျင်းပနိုင် ရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊ ထိုမျှမက ၂၅၅ ဧက ကျယ်ဝန်းသည့် ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း၌ ရေပန်းရင်ပြင်၊ ရတနာပုံခေတ် သုဓမ္မာ ဇရပ် ခြောက်ဆောင်၊ မော်ကွန်းပြတိုက်၊ ဂေါပကရုံး အဆောက်အအုံ၊ မဟာဗောဓိပင် နှင့် ဂြိုဟ်ပြေနံပြေဘုရားများ၊ မန္တလေးရတနာပုံနန်းမြို့အဝင် မင်္ဂလာတံတားနှင့် ပုံစံတူတံတား၊ အဝင်မုခ်ဦး နှစ်ဆောင်၊ ဗုဒ္ဓဥယျာဉ်တော်မဟာရံတံတိုင်း၊ ရုပ်ပွား တော်တက် မင်္ဂလာမုခ်ဦးကြီး လေးစင်း၊ ရွေ့လျားစက်လှေကားတစ်စင်း၊ ယာဉ်ရပ်နားကွင်းနှင့် ၄၂ မီတာ အမြင့်ရှိ သော မိုးကြိုးလွှဲတိုင် နှစ်တိုင် အစရှိသော သာသနိက အဆောက်အအုံ မျိုးစုံတို့ကို မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အခြံအရံ မဟာဒါနပါရမီကုသိုလ်တော် များအဖြစ် ကမ္ဘာတည်သရွေ့ ဗုဒ္ဓဘာသာ သာသနာတော်ကြီးသည်လည်း ထွန်းလင်းတောက်ပ တည်တံ့ခိုင်မြဲစေရန် ရည်သန်၍ မိမိဦးဆောင်သော အများပြည်သူများ စုပေါင်းပြီး လှူဒါန်းပူဇော်ကြပါကြောင်း ဝမ်းမြောက်ဖွယ်စကား လျှောက်ထားအပ်ပါကြောင်း။
ကြွရောက် ချီးမြှောက်တော်မူကြပါသော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်ကြီး များအားလုံး သက်ရှည်ကျန်းမာစွာဖြင့် ဓုရနှစ်ဖြာသာသနာကို ဆက်လက် ကြိုးပမ်းဆောင်ရွက်တော်မူနိုင်ကြပါစေကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးသည် ဗုဒ္ဓမြတ်စွာ သာသနာတော် မြတ်ကြီးနှင့်အတူ ကမ္ဘာတည်သရွေ့ အဓွန့် ရှည်ကြာစွာ တည်တံ့ဝေစည်နိုင်ပါစေကြောင်း၊ နိုင်ငံသူနိုင်ငံသားများအားလုံး ဗြဟ္မစိုရ်တရားများ လက်ကိုင်ကျင့်သုံး၍ အစဉ်ထာဝရ ချမ်းမြေ့သာယာရှိကြပါစေ ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည်လည်း ဘေးရန် အနှောင့်အယှက်ကင်းရှင်း၍ လျင်မြန်စွာအေးချမ်းသာယာ တိုးတက်အောင်မြင်ပါ စေဟု ဆုမွန်ကောင်းတောင်းရင်း မိမိ၏လျှောက်ထားလွှာကို နိဂုံးချုပ်အပ်ပါကြောင်း လျှောက်ထားတင်ပြသည်။
ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဉာဏ်တော် ၉ လက်မရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်ဆိုင်ရာ သာသနိကအဆောက်အအုံ တော်တို့ကို သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ သံဃာတော်များထံ သာဟတ္ထိကဒါနမြောက် ကိုယ်တိုင်လက်ရောက်ဆက်ကပ်ကြပြီး လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က သီတဂူဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသည့် ဘုရားဒါယကာ၊ ဒါယိကာမများက သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်က ဗိသုကာအင်ဂျင်နီယာများကို ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူကြသည်။
ထို့နောက် ဗိသုကာအင်ဂျင်နီယာများ ကိုယ်စားတာဝန်ရှိသူတစ်ဦးက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မူလအရင်းဖြစ်သည့် ဘုရားဒါယကာ၊ ဒါယိကာမများ ထံ ပြန်လည်အပ်နှံသည်။
ယင်းနောက် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် ဧည့်ပရိသတ်များသည် သီတဂူဆရာတော်ကြီးချီးမြှင့် မြွက်ကြားတော်မူသည့် သမ္မောဒနီယ ဩဝါဒကထာကို နာယူကြည်ညိုကြပြီး နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရထံမှ အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ အခမ်းအနားမှူးက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ရာတွင် အမှားအယွင်းနှင့် မပြည့်စုံခြင်းများရှိပါက ခွင့်လွှတ်တော်မူပါရန် တောင်းပန်လွှာ စာတမ်းကို ဘုရားဒါယကာ၊ ဒါယိကာမ များကိုယ်စား ဖတ်ကြားတောင်းပန်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးကြသည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်း
အခမ်းအနားအပြီးတွင် ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် ဧည့်ပရိသတ်များက ယနေ့အခမ်းအနားများသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော်အပါး ၉၀၀ အား ဘောဇနသာ လာ အဆောင်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသည့် အလှူ ရှင်များ၊ ဧည့်ပရိသတ်များကိုလည်း နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
ထို့ပြင် ညပိုင်းတွင်လည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လျှပ်ပန်း ရောင်စုံမီးပန်းစုံတို့ဖြင့် မီးရှူးမီးပန်းများ ပစ်ဖောက်၍ ကြည်ညိုသပ္ပာယ်ဖွယ်ပူဇော် ခဲ့ကြောင်းနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိက အဆောက်အအုံများအား မီးရောင်စုံများဖြင့် အလင်းပေးပူဇော်ထားရှိသဖြင့် ကြည်ညိုသပ္ပာယ်ဖွယ် ဖူးတွေ့နိုင်ကြောင်း သိရသည်။
သတင်းစဉ်


