ရန်ကုန် သြဂုတ် ၆
ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ် မြန်မာ-တရုတ် ချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် လှူဒါန်းငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲတွင် ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပသည်။
အခမ်းနားသို့ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တရုတ်သံအမတ်ကြီး H.E. Mr Chen Hai နှင့် သံရုံးမိသားစုဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်မှ အားကစားသမားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စု ဝန်ကြီးဦးမင်းသိန်းဇံ က ၂၀၂၃ခုနှစ်၊ စက်တင်ဘာ (၂၃)ရက်မှ အောက်တိုဘာ(၈)ရက်အထိ တရုတ်ပြည်သူသမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့၌ ကျင်းပမည့် (၁၉)ကြိမ် မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ဘောလုံး၊ ဝူရှူး၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ မြားပစ်၊ E-Sport (၇)နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယင်းတို့အနက် ဘောလုံး၊ လှေလှော်၊ ဝူရှူးအားကစားအဖွဲ့ (၃)ဖွဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ အလှူငွေပေးအပ်ခြင်းနှင့် ချစ်ကြည်ရေး အားကစားဖလှယ်ပွဲ ကျင်းပပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ လာမည့် ၂၀၂၅ခုနှစ်၊ ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် နှစ်ရှည်ပူးတွဲလေ့ကျင့်ခွင့်ရရှိရေး၊ နည်းပြများစေလွှတ်ပေးခြင်း၊ မြန်မာနိုင်ငံသို့လာရောက် ပူးတွဲလေ့ကျင့်ပေးခြင်း၊ အားကစားနည်းအလိုက် လိုအပ်လျက်ရှိသော ခေတ်မီအားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆက်လက်ကူညီ ဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တရုတ်သံအမတ်ကြီးက မကြာမီ ဟန်ကျိုးမြို့၌ကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကြီးတွင် အာရှတိုက်ရှိ နိုင်ငံပေါင်းစုံ အားကစားသမား ၁၉၀၀၀ ကျော်က ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေး၊ တိုးတက်ရေးဆိုသည့် အာရှအားကစားသံစဉ်ကို အတူဖော်ဆောင် သွားကြမည်ဖြစ်ပါကြောင်း၊ ကိုဗစ် ၁၉ ကာလအလွန် အားကစားကူးလူး ဖလှယ်မှုများကို အတူတကွဖော်ဆောင်၍ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တရုတ်သံအမတ်ကြီးက မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်များသို့ အမေရိကန်ဒေါ်လာ ၂၈၀၅ ဒေါ်လာ စီ ပေးအပ်လှူဒါန်းရာ တာဝန်ရှိပုဂ္ဂိုလ်များက လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် သံရုံးမိသားစုဝင်များနှင့် တရုတ်နိုင်ငံတွင် Joint training သွားရောက်ခဲ့သည့် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားများ တွဲဖက်၍ သရုပ်ပြအစီအစဉ်ပြသကြသည်။
ဆက်လက်၍ သံရုံးမိသားစုဝင်များ ၊ ဧည့်သည်တော်များနှင့် အားကစားသမားများ ပါဝင်သည့် ချစ်ကြည်ရေးလှေလှော်အားကစားပြိုင်ပွဲ ကျင်းပရာ ပထမပန်းဝင်လာသည့် အသင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် က ဂုဏ်ပြုဆုချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်သို့ ရောက်ရှိပြီးအဖွဲ့ချုပ် အနေဖြင့်လာမည့် ၂၀၂၅ခုနှစ် တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ၌ ကျင်းပရေးကော်မတီမှ သတ်မှတ်သည့် ပြိုင်ပွဲအမျိုးအစားတိုင်းကို ဝင်ရောက် ယှဉ်ပြိုင်စေလိုကြောင်းနှင့် အရှေ့တောင်အာရှ ၊ အာရှ ရွက်လှေ အဖွဲ့ချုပ်များနှင့် ဆက်သွယ်၍ မိမိအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။
သတင်းစဉ်


