နေပြည်တော်  ဩဂုတ် ၆

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသောဆေးကုသမှုစရိတ် လျော့နည်းကျဆင်း စေရေး ဆောင်ရွက်လျက်ရှိရာ အထူးကုသမှုများ(Super Specialty) လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ ကုသမှုများရရှိနိုင်စေရေး ရည်ရွယ်ကာ ရန်ကုန်/မန္တလေးမှ အထူးကုဆေးကုသရေးအဖွဲ့များကို တိုင်းဒေသကြီး/ပြည်နယ်များသို့စေလွှတ်၍ ကွင်းဆင်းကုသမှု များ ဆောင်ရွက်လျက်ရှိသည်။ 

ဩဂုတ် ၅ နှင့် ၆ ရက်တို့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးတို့မှ နှလုံးရောဂါဆေးပညာ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆေးပညာ၊ ဦးနှောက်နှင့် အာရုံ ကြောဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့်ဟော်မုန်းဆေးပညာ၊ သွေးရောဂါ ပညာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ရှမ်းပြည်နယ်၊တောင်ကြီးမြို့သို့ သွားရောက်၍ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီး-တောင်ကြီးမြို့တို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအထူးကုဆေးကုသရေးအစီအစဉ်တွင် တောင်ကြီးမြို့ပေါ်သာမက ရှမ်းပြည်နယ်အတွင်းရှိ အခြားသောမြို့နယ်များမှလည်း လာရောက်ပြသနိုင်ရန် မြို့နယ်အလိုက် ဆေးရုံ/ ကျန်းမာရေးဌာနများမှ တစ်ဆင့် ပြည်သူလူထုကို အသိပေးကာ ပြသရန်လိုအပ်မည့်လူနာများကို ကြိုတင်ကွင်းဆင်းရှာဖွေခြင်း များ စနစ်တကျကြိုတင်ဆောင်ရွက်ခဲ့ခြင်းကြောင့် မြို့နယ်ပေါင်း (၂၁) မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေ ပြည်သူများ လာရောက်ပြသခဲ့ကြသည်။

ခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာ(၈၁)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ(၄၇)ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ(၇၃)ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် ကုသမှုဆိုင်ရာ (၆)ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ(၁၃၂)ဦး၊ သွေးရောဂါဆိုင်ရာ(၂၇)ဦး၊ အထွေထွေရောဂါဆိုင်ရာ (၁၀၂)ဦး ၊ မျက်စိရောဂါလူနာ(၆)ဦး၊ သားဖွားမီးယပ်လူနာ(၄)ဦး၊ အရိုးရောဂါလူနာ(၂၆)ဦး၊ ခွဲစိတ်(၂၉)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာ(၃)ဦး၊ သွားနှင့်ခံတွင်းလူနာ(၁)ဦး၊ အရေပြားလူနာ(၄)ဦး၊ ကလေးလူနာ (၈)ဦး၊ စုစုပေါင်း လူနာ(၅၄၉) ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း(၄၃)ဦး၊ အစာအိမ်နှင့်အူလမ်း ကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (၁၀)ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (၂)ဦး၊ ကွန်ပြူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း(၁)ဦး၊ ဓာတ်မှန်ဖြင့်ရောဂါရှာဖွေခြင်း(၁၀၃)ဦး၊ ဓာတ်ခွဲစမ်းသပ်သူ(၂၃၉)ဦး၊ သွေးချိုဓာတ် တိုင်းတာခြင်း (၁၁၅)ဦး၊ Ultrasound ရိုက်ကူးခြင်း (၇၄)ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း ဦးရေ (၃၀၀)၊ ဆီးချိုကြောင့် မျက်စိထိခိုက်မှုရှိ/ မရှိစစ်ဆေးခြင်း ဦးရေ(၂၀)၊ ဆီးချိုကြောင့် ခြေထောက်အာရုံကြော ထိခိုက်မှုရှိ/မရှိစစ်ဆေးခြင်း ဦးရေ(၂၀)တို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး အဖွဲ့ခေါင်းဆောင် ဆီးချိုနှင့် ဟော်မုန်းဆေးပညာ ပါမောက္ခ ဒေါက်တာ ကိုကို က လာရောက်ပြသသူ ဒေသခံပြည်သူများနှင့် ဆရာဝန်၊သူနာပြုများအား ဆီးချိုသွေးချိုရောဂါအကြောင်းသိကောင်းစရာများကို  အသိပညာပေး ဟောပြောခဲ့သည်။

ထို့ပြင် ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆက်လက်ဆောင်ရွက်ရန် လိုအပ်သောလူနာ (၁)ဦး ကို ဦးနှောက်နှင့်အာရုံကြောဆေးကုဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ နှလုံးရောဂါ ဆက်လက်ဆေးကုသရန် လိုအပ်သောလူနာ(၁)ဦးကို မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီးနှင့် နှလုံးရောဂါ ခွဲစိတ်ရန် လိုအပ်သောလူနာ(၁)ဦးကို   ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း လွှဲပြောင်းကုသနိုင် ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ယနေ့နံနက်ပိုင်းတွင်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိကာ အထူးကုဆရာဝန်ကြီး များထံ လာရောက်ပြသကုသမှုခံယူကြသော လူနာများကိုကြည့်ရှုအားပေးပြီး အထူးကုဆရာဝန်ကြီး များကို ကျေးဇူးတင်စကားပြောကြား၍၊ နေ့လယ်စာအတူသုံးဆောင်ကာနှင့် အမှတ်တရ ဒေသထွက် လက်ဆောင်များပေးအပ်သည်။

ကျန်းမာ‌ရေးဝန်ကြီးဌာနသည် ၂၀၂၃ခုနှစ်အတွင်း အလားတူအစီအစဉ်များကို ရခိုင်ပြည်နယ် သို့  နှစ်ကြိမ်၊ ဧရာဝတီတိုင်းဒေသကြီးသို့ တစ်ကြိမ် ဆောင်ရွက်ခဲ့ပြီး အခြားသော တိုင်းဒေသကြီး/ ပြည်နယ်များ၌လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်