နေပြည်တော် ဩဂုတ် ၈

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံအကျဆုံးဖြစ်ကြောင်း၊  နိုင်ငံ၏ပညာရေးမြင့်မားမှ နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း၊  ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများအနေဖြင့် မှန်မှန်ကန်ကန်ညွှန်ကြား၍ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ အမှန်တကယ်ပညာတတ်မြောက်ရေးအတွက် သင်ကြားမှုအခြေအနေများကို အောက်ခြေအထိ ကွင်းဆင်းစစ်ဆေး ကြီးကြပ်ရမည်ဖြစ်ကြောင်း၊  ဘာသာရပ်ခွဲဝေတာဝန်ပေးရာတွင် သက်ဆိုင်ရာဆရာဆရာမများ ကျွမ်းကျင်ပိုင်နိုင်သည့် ဘာသာရပ်အလိုက် တာဝန်ပေးရန် အရေးကြီးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယမန်နေ့ ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ပညာရေးမှူးများက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတိုးတက်ရေးအတွက် အခြေခံအချက်သည် ပညာတတ်များပေါများရေးပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အရည်အချင်းရှိသည့် အသိပညာရှင် အတတ်ပညာရှင်များ မွေးထုတ်ပေးရန် ပညာရေးဝန်ကြီးဌာနတွင် တာဝန်ရှိသည်ဟု လမ်းညွှန်ထားပါကြောင်း၊ ပညာရေးလမ်းကြောင်းပေါ် မရောက်သေးသည့် ကျောင်းနေအရွယ်ကလေးများ ပညာရေးလမ်းကြောင်း ပေါ်ရောက်ရှိအောင် ဆွဲခေါ်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ပညာရေးသည် အခမဲ့ပညာရေးစနစ် ဖြစ်ပါကြောင်း၊ KG+9 သည် မသင်မနေရပညာရေးစနစ်ဖြစ်ပါကြောင်း၊ Grade-10 ဆက်လက်မတက်ရောက်ဖြစ်သူများအတွက် ခရိုင်(၅၀)တွင် စက်မှု၊ စိုက်ပျိုးမွေးမြူရေး တွဲဖက်အထက်တန်း ကျောင်းပေါင်း (၅၁)ကျောင်း ဖွင့်လှစ်ထားပါကြောင်း၊ Grade-9 အောင်မြင်ပြီးသူများ အဆိုပါကျောင်းများတွင် တက်ရောက်နိုင်ကြောင်းကို Grade-6 မှ Grade-9 အထိ ကျောင်းသား ကျောင်းသူများအား ထပ်ဆင့်ရှင်းလင်း အသိပေးပြောကြားစေလိုပါကြောင်း၊ ဘာသာရပ်ဆိုင်ရာသင်ကြားရေးအဖွဲ့ (Board of Studies- BOS) တစ်ဖွဲ့ချင်းထံမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Project Paper များ၊ Term Paper များ ရေးသားပြုစုစေသည့်စနစ်ကျင့်သုံးရေး ဆောင်ရွက်မည့်အစီအစဉ်များ ဩဂုတ်လကုန်တွင် တင်ပြကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ တက္ကသိုလ်များနည်းတူ ပါရဂူဘွဲ့ကြို သင်တန်း ၁ နှစ်နှင့် ပါရဂူကျမ်း ၃ နှစ်စနစ် ကျင့်သုံး သွားရမည်ဖြစ်ကြောင်း၊  ဝန်ထမ်းအချင်းချင်း တစ်ဦးနှင့်တစ်ဦး နွေးနွေးထွေးထွေး မေတ္တာထား ဆက်ဆံ၍ ပညာရေးလုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလို ကြောင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က နိုင်ငံတော်အစိုးရတာဝန်ယူခဲ့သည့် ၂ နှစ်ခွဲတာ ကာလအတွင်း  ပညာရေးဆိုင်ရာ အောင်မြင်မှုများကို ရှင်းလင်းပြောကြားကာ မူလတန်း အဆင့်မှ ဘွဲ့ရအဆင့်ထိ ကျောင်းနေနှုန်း လျော့နည်းလာမှုများကြောင့် ပညာရေးမြှင့်တင်ရန် လိုအပ်မှုအခြေအနေ၊ ကျောင်းသားကျောင်းသူများအတွက် မရှိမဖြစ်လိုအပ်သော စဉ်းစားတွေးခေါ်မှုဆိုင်ရာ ကျွမ်းကျင်မှု (Skill) ၅ မျိုးကို ဦးတည်ချက်သတ်မှတ်ကာ သင်ကြားနည်းစနစ် (Teaching Procedure) ၇ မျိုးဖြင့် လေ့ကျင့်ပျိုးထောင်ပေးရမည့်အခြေအနေ၊ လူငယ်နှင့် လောကနီတိသင်တန်းများ ပို့ချပေးသင့်သည့်အခြေအနေနှင့်  သင်ကြားရေးပြက္ခဒိန်၊ အားကစား ပြက္ခဒိန်များကို မျှတစွာအကောင်အထည်ဖော်ရန် လိုအပ်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရာတွင် အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများ အတွက် လုပ်ငန်းလိုအပ်ချက်များကို ရဲရဲဝံ့ဝံ့တင်ပြ၍ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန်နှင့် ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ် ခံစားရသော ကျောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ တည်ဆောက်ရေး လုပ်ငန်းများကို ဩဂုတ်လကုန်တွင် အပြီးသတ်ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်