မန္တလေး ၉ မတ်


မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် ဟိုတယ်အိပ်ယာခင်း ပြင်ဆင်ခြင်းနှင့် အလှဆင်ပြိုင်ပွဲ (Bed-Making and Decoration Competition)ကို မန္တလေးမြို့တော်ခန်းမ(၁)တွင် မတ် ၉ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲကို မန္တလေးမြို့တော်အတွင်း ဖွင့်လှစ်ထားသည့် ဟိုတယ်များမှ အိပ်ခန်းထိန်းသိမ်းရေး (House Keeping) ဝန်ထမ်းများမှ တစ်သင်းလျှင် နှစ်ဦးနှုန်းဖြင့် အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင်မှုအနေဖြင့် တစ်သင်းလျှင် အိပ်ယာခင်း ပြင်ဆင်ခြင်းအတွက် အချိန် ၅ မိနစ်နှင့် အလှဆင်ခြင်းအတွက် အချိန် ၁၅ မိနစ် သတ်မှတ်ပေးခဲ့သည်။

 

1


“ပြိုင်ပွဲကို မန္တလေးမြို့မှာရှိတဲ့ ဟိုတယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုပြီးများစေဖို့နဲ့ အိပ်ခန်းပြင်ဆင်ရေးမှာ ဧည့်သည်ရဲ့ လိုအပ်ချက်နဲ့အညီ ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီပြိုင်ပွဲကို ကျင်းပပေးတာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်း ၂၄ သင်းက ကိုယ်ပိုင်တီထွင်မှုတွေ ပေါင်းစပ်ပြီးတော့ အိပ်ယာခင်းပြင်ဆင်ခြင်းနဲ့ အလှဆင်ပြိုင်ပွဲတွေ ယှဉ်ပြိုင်ကြပြီး နောက်ဆုံး ဇကာတင် ၆ သင်း ရွေးချယ်ခဲ့ပါတယ်။ ဒီ ၆ သင်းက ပြိုင်ပွဲနောက်ဆုံးအနေနဲ့ လက်ရှိ မန္တလေးမြို့တော်ရဲ့ ဦးတည်ချက်ဖြစ်တဲ့ Green and Clean ခေါင်းစဉ်နဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်”ဟု ဟိုတယ်အိပ်ယာခင်း ပြင်ဆင်ခြင်းနှင့် အလှဆင်ပြိုင်ပွဲကျင်းပရေး ဥက္ကဋ္ဌ ဦးမျိုးဌေးဦးက ပြောသည်။


အဆိုပါပြိုင်ပွဲတွင် နောက်ဆုံးယှဉ်ပြိုင်သည့် အသင်း ၆ သင်းအနက် ချန်ပီယံဆုကို Hotel Sakura Princess က ရရှိပြီး 1st Winner ဆုကို Hotel Magic ၊ 2st Winner ဆုကို အောင်မြင့်မိုရ်၊ 3rd Winner ဆုကို Mandalay City Hotel ၊ 4th Winner  ဆုကို Hilton Hotel ၊ 5th Winner ဆုကို Oway Grand Hotel များမှ အသီးသီးရရှိခဲ့ကြောင်း သိရသည်။


အောင်ဖြိုးကျော်

 

1