မန္တလေး ၉ မတ်
မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် ဟိုတယ်အိပ်ယာခင်း ပြင်ဆင်ခြင်းနှင့် အလှဆင်ပြိုင်ပွဲ (Bed-Making and Decoration Competition)ကို မန္တလေးမြို့တော်ခန်းမ(၁)တွင် မတ် ၉ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို မန္တလေးမြို့တော်အတွင်း ဖွင့်လှစ်ထားသည့် ဟိုတယ်များမှ အိပ်ခန်းထိန်းသိမ်းရေး (House Keeping) ဝန်ထမ်းများမှ တစ်သင်းလျှင် နှစ်ဦးနှုန်းဖြင့် အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင်မှုအနေဖြင့် တစ်သင်းလျှင် အိပ်ယာခင်း ပြင်ဆင်ခြင်းအတွက် အချိန် ၅ မိနစ်နှင့် အလှဆင်ခြင်းအတွက် အချိန် ၁၅ မိနစ် သတ်မှတ်ပေးခဲ့သည်။
“ပြိုင်ပွဲကို မန္တလေးမြို့မှာရှိတဲ့ ဟိုတယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုပြီးများစေဖို့နဲ့ အိပ်ခန်းပြင်ဆင်ရေးမှာ ဧည့်သည်ရဲ့ လိုအပ်ချက်နဲ့အညီ ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီပြိုင်ပွဲကို ကျင်းပပေးတာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်း ၂၄ သင်းက ကိုယ်ပိုင်တီထွင်မှုတွေ ပေါင်းစပ်ပြီးတော့ အိပ်ယာခင်းပြင်ဆင်ခြင်းနဲ့ အလှဆင်ပြိုင်ပွဲတွေ ယှဉ်ပြိုင်ကြပြီး နောက်ဆုံး ဇကာတင် ၆ သင်း ရွေးချယ်ခဲ့ပါတယ်။ ဒီ ၆ သင်းက ပြိုင်ပွဲနောက်ဆုံးအနေနဲ့ လက်ရှိ မန္တလေးမြို့တော်ရဲ့ ဦးတည်ချက်ဖြစ်တဲ့ Green and Clean ခေါင်းစဉ်နဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်”ဟု ဟိုတယ်အိပ်ယာခင်း ပြင်ဆင်ခြင်းနှင့် အလှဆင်ပြိုင်ပွဲကျင်းပရေး ဥက္ကဋ္ဌ ဦးမျိုးဌေးဦးက ပြောသည်။
အဆိုပါပြိုင်ပွဲတွင် နောက်ဆုံးယှဉ်ပြိုင်သည့် အသင်း ၆ သင်းအနက် ချန်ပီယံဆုကို Hotel Sakura Princess က ရရှိပြီး 1st Winner ဆုကို Hotel Magic ၊ 2st Winner ဆုကို အောင်မြင့်မိုရ်၊ 3rd Winner ဆုကို Mandalay City Hotel ၊ 4th Winner ဆုကို Hilton Hotel ၊ 5th Winner ဆုကို Oway Grand Hotel များမှ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အောင်ဖြိုးကျော်


