နေပြည်တော် ဒီဇင်ဘာ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်းနေထိုင်သူ ပြည်သူများအား ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ (၃) လစာ ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဝါးခယ်မမြို့နယ် ရွှေခယ်သီရိခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြောင်းမြခရိုင်နှင့် ဝါးခယ်မမြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်အချို့မှ အကြောင်းအမျိုးမျိုးကြောင့် ဝါးခယ်မမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်း နေထိုင်ကြသည့် ပြည်သူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ဒေသအချို့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များနှင့် သဘာဝ ဘေးအန္တရာယ်များအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ယာယီရွှေ့ပြောင်းနေထိုင်သူများသည် ၎င်းတို့နေထိုင်လုပ်ကိုင်နိုင်မှု အဆင်ပြေမည့်ဒေသများသို့ ယာယီရွှေ့ပြောင်းနေထိုင် လျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ ရွှေ့ပြောင်းနေထိုင်ရာတွင် ဝါးခယ်မမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်း နေထိုင်သူများ ရှိရာ ၎င်းတို့အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် လစဉ် ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ ယခုလည်း ဧရာဝတီတိုင်းဒေသကြီးမှ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ (၃) လစာအတွက် ထပ်မံ ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ယာယီရွှေ့ပြောင်းနေထိုင်သူ ပြည်သူများ ပျောက်ဆုံး/ ပျက်စီးသွားသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ပြန်လည်ထုတ်ပေးနိုင်ရေးအတွက် မြို့နယ် အချင်းချင်း အပြန်အလှန်ချိတ်ဆက် ပြီး ဥပဒေနှင့်အညီ စိစစ်ဆောင် ရွက်ထုတ်ပေးလျက် ရှိပါကြောင်း။

နိုင်ငံတော် အစိုးရကလည်း နယ်မြေဒေသအားလုံး တည်ငြိမ်အေးချမ်းရေးနှင့် ယာယီရွှေ့ပြောင်း နေထိုင်ကြသည့် ပြည်သူများကို ၎င်းတို့ဒေသများ၌ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ ကလည်း ယာယီရွှေ့ပြောင်းနေထိုင် ကြသူများအတွက် လစဉ်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်နေ သကဲ့သို့ သက်ဆိုင်ရာဒေသ အာဏာပိုင်များကလည်း လူမှုရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အဘက်ဘက်က ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါကြောင်း၊ ယာယီရွှေ့ပြောင်း နေထိုင်သူများအနေဖြင့် မကြာမီကာလတွင် ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လည်အခြေချ နေထိုင်နိုင်တော့မည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ယာယီရွှေ့ပြောင်း နေထိုင်သူများအတွက် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ (၃) လစာ ထောက်ပံ့ငွေများကို ကိုယ်စားလှယ်များထံ ထောက်ပံ့ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးသည် ယာယီရွှေ့ပြောင်းနေထိုင်သူများအတွက် အဝတ် အထည်များနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ်၍ ယာယီရွှေ့ပြောင်းနေထိုင်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ယခု အခမ်းအနားတွင် ဝါးခယ်မမြို့နယ်အတွင်းသို့ တိုင်းဒေသကြီး/ ပြည်နယ်အချို့မှ ယာယီရွှေ့ပြောင်း နေထိုင်သူ စုစုပေါင်း ၁၈၆ ဦး၊ အိမ်ထောင်စု အနေဖြင့် ၆၂ စုရှိပြီး ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ (၃) လစာ အတွက် စုစုပေါင်း ငွေကျပ် ၁၀၈၆၀၀၀၀ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးသည် မြောင်းမြမြို့သို့သွားရောက်၍ ဒီဇင်ဘာ ၂၈ ရက် တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ၌ ပါဝင်သည့် မြောင်းမြမြို့နယ် ၏ အမှတ်(၄) ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မဲရုံသို့လည်းကောင်း၊ အမှတ်(၈) ရပ်ကွက်ရှိ နောင်ရိုးခန်းမ မဲရုံသို့လည်းကောင်း၊ အမှတ်(၅) ရပ်ကွက်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း မဲရုံသို့လည်းကောင်း လှည့်လည်ကြည့်ရှု၍ မဲရုံများ၌ တာဝန်ထမ်းဆောင်နေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများကို မဲရုံများဖွင့်လှစ်ထားရှိမှု၊ မဲပေးစက်များ ရောက်ရှိတပ်ဆင်ထားရှိမှုနှင့် မဲရုံနှင့် ပတ်သက်သည့် လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်