နေပြည်တော် ဖေဖော်ဝါရီ ၂၈

 

ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်း (Bagan Hotel Strategy)  အပြီးသတ်ရေးဆွဲနိုင်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီတွင် ပုဂံရှေး‌ဟောင်းသုတေသနပြတိုက်၌ ကျင်းပသည်။

 

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ (ညောင်ဦးခရိုင်အဆင့်) အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် အဆင့် ဌာနဆိုင်ရာများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲအရာထမ်း များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ကမ္ဘာ့အမွေအနှစ် မလျှောက်ထားမီကပင်တည်ရှိသည့် ဟိုတယ် အချို့သည် ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်း ကျရောက်လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ပူးပေါင်း၍ ဟိုတယ်ဆိုင်ရာ   အချက်အလက်များကို ကွင်းဆင်းကောက်ယူခဲ့ပါကြောင်း၊ ယခုတက်ရောက်လာကြသူများသည် ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်း (Bagan Hotel Strategy) ရေးဆွဲလုပ်ငန်းစဉ်တွင် ပါဝင်နေကြသူများ ဖြစ်ပါကြောင်း၊ ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်း(Bagan Hotel Strategy) အပြီးသတ်ရေးဆွဲနိုင်ရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအလိုက်ဆောင်ရွက်ရမည့် အခန်းကဏ္ဍများကို ရှင်းလင်းဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပုဂံကမ္ဘာ့အမွေအနှစ်ဒေသစီမံခန့်ခွဲမှုအတွက် အဖွဲ့များဖွဲ့စည်းထားမှုနှင့် ပတ်သက်၍လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ လက်ထောက်-ညွှန်ကြားရေးမှူး (သတင်းအချက်အလက်) က Hotel Strategy (မူကြမ်း) ပြုစုထားမှုနှင့် ပတ်သက်၍လည်းကောင်း၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက Hotel Strategy ရေးဆွဲနိုင်ရေးနှင့်ပတ်သက်၍ လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲ၊ ဒုတိယညွှန်ကြားရေးမှူးက ဟိုတယ်လိုင်စင်ထုတ်ပေး ထားမှုနှင့်ပတ်သက်၍ လည်းကောင်း၊ ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိက တည်းခို ရိပ်သာလိုင်စင်ထုတ်ပေးထားမှုနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြပြီး အစည်းအဝေး တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)