ရန်ကုန် မတ် ၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ် ၊ ဦးဝိစာရလမ်းရှိ အမျိုးသား ရေကူးကန်ကို ကြည့်ရှုစစ်ဆေးသည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄-၂၀၂၅ ခုနှစ် ၊ ဘဏ္ဍာရေးနှစ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ရန်ပုံငွေကျပ်(၂၄၁)သန်းဖြင့် ဆောင်ရွက်နေသော အမျိုးသားရေကူးကန် ရေသန့်စင် စက်ခန်းနံရံ ပြုပြင်နေမှု ၊ ရေသန့်စင်စနစ် Filter ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေး ပြီးရေသန့်စင်နေအောင် ဆောင်ရွက်ရန်၊ နွေရာသီရေကူးသင်တန်းများ ဆက်လက်ဖွင့်လှစ်ရန် ရေကန်သပ်ရပ် သန့်ရှင်းစေရေး ဆောင်ရွက် ရန်နှင့်လိုအပ်သည်များ ကိုမှာကြားသည်။  

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားရေကူးကန် (ဦးဝိစာရ) ဝင်းအတွင်းရှိ  မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် GYM အားကစားခန်းဖွင့်လှစ်ရန်    ပြင်ဆင်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းနှင့် မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းတို့၌ နွေရာသီအားကစားသင်တန်း တက်ရောက်နေသော သင်တန်းသား/ သင်တန်းသူ များ၏ လေ့ကျင့်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်ရေးနှင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အဆင့်မီယှဉ်ပြိုင် အောင်မြင်မှုရရှိရေးကိစ္စများကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်ရုံးခန်း၌ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ရေကူးကန်ထိန်းသိမ်းရေး ကိစ္စရပ်များ၊ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ဆောင်ရွက်ရန်ကိစ္စရပ်များ ကိုမှာကြားသည်။

ယင်းနောက် ဗဟန်းမြို့နယ်ရှိ ဗဟန်း မြက်ခင်းတုဘောလုံးကွင်းနှင့် ကြည့်မြင်တိုင်မြို့နယ် စလင်း ဘောလုံးကွင်းတို့၌ ဘောလုံးကွင်းပြင် ဆင်ထိန်းသိမ်းနေမှုများ၊ ပွဲကြည့်စင်ပြင်ဆင်မည့် လျာထားချက်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ စက်ဘီး၊ E-Sports ၊ ရိုးရာအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက မိမိတို့အဖွဲ့ချုပ်အလိုက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် စခန်းသွင်း လေ့ကျင့်နေမှုအခြေအနေများ ၊ ရေတို ရေရှည် ဆောင်ရွက်မည့် အစီအမံများ ၊ ပြိုင်ပွဲ၌ အောင်မြင်မှုရရှိအောင် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်  အထောက်အကူပြုပစ္စည်းများ အချိန်မီ တင်သွင်းသယ်ယူရရှိနိုင်ရေး ကိစ္စရပ်များကို လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက် အိမ်ရှင်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးရန်အချက်များ ၊ အဖွဲ့ချုပ်အလိုက် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ၊ ပြိုင်ပွဲအတွေ့အကြုံရရှိရေးအတွက် ပြည်တွင်း/ပြည်ပ ပြိုင်ပွဲများ၌ ယှဉ်ပြိုင်ရေးနှင့် ပူးတွဲလေ့ကျင့်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာရရှိနိုင်ရေး ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်