နေပြည်တော် မေ ၂

 

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြား ရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အထွေထွေ မန်နေဂျာများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မတ် ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပြည်တွင်းရှိ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဘိလပ်မြေစက်ရုံအချို့ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါစက်ရုံများ စက်စွမ်းအားပြည့်ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် ကူညီဖြည့်ဆည်းဆောင်ရွက်မှု များကို အပြည့်အဝပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ ပြင်းထန်သည့်မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများ၏ နေအိမ်/အဆောက်အအုံများ၊စက်ရုံ/အလုပ်ရုံများ၊ လမ်းတံတားများ၊ ဘုရားစေတီများ၊ သာသနိကအဆောက် အအုံများ များစွာ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ပြည်တွင်းရှိ ဘိလပ်မြေ စက်ရုံများ၊ သံ၊ သံမဏိစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် လိုအပ်သော သွင်းအားစုများ အပြည့် အဝရရှိရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

 

ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်သည့်အခါ လအလိုက် ဘိလပ်မြေနှင့် သံ၊ သံမဏိ လိုအပ်ချက်များကို ခန့်မှန်း တွက်ချက်ထားရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဘိလပ်မြေစက်ရုံများ၊ သံ၊ သံမဏိစက်ရုံများ၏ လအလိုက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများကိုလည်း ညှိနှိုင်းတောင်းခံထားရမည်ဖြစ်ကြောင်း၊ ဘိလပ်မြေ စက်ရုံများနှင့် သံ၊ သံမဏိစက်ရုံများ စက်စွမ်းအား ပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်ရုံတစ်ခုချင်းစီ၏ လိုအပ်ချက်များကို သိရှိအောင်ဆောင်ရွက်၍ အစွမ်းကုန် ဖြည့်ဆည်းကူညီပေးရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ရှိပြီးအရင်းအမြစ်များကို အကျိုးရှိစွာအသုံးပြု၍ ပြည်သူများ၏ လိုအပ်ချက် များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန် များကို မြန်ဆန်တိကျစွာဖြင့် ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့များဖွဲ့စည်း၍ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများနှင့်ပတ်သက်၍ စက်ရုံအလိုက် မှတ်တမ်းထားရှိပြီး ဘူမိဗေဒနှင့် သက်ဆိုင်သည့် သုံးသပ်ချက်များ ကိုလည်း ပြုစုမှတ်တမ်းထားရှိရ မည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင် ညွှန်ကြားရေးမှူးများက ပြည်တွင်း၌ ဘိလပ်မြေစက်ရုံများ၊ သံ၊ သံမဏိစက်ရုံများ၏ ထုတ်လုပ်မှုအခြေအနေ၊ ကုန်ကြမ်းသွင်းအားစုများ လိုအပ်မှုအခြေအနေများ ကို စက်ရုံများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည့်အခြေအနေ၊ စက်ရုံအသီးသီး၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းဆောင် ရွက်ပေးခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအမံတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အခြေအနေများကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်