ဗလာဒီဗော့စတော့ခ် ဇူလိုင် ၂၀
ရုရှားနိုင်ငံ ကမ်ချပ်ကာကျွန်းဆွယ် ကမ်းလွန်ပင်လယ်ပြင်၌ ဇူလိုင် ၂၀ ရက် ညနေပိုင်းက ပြင်းထန်သော ငလျင်များ ဆက်တိုက်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အပြင်းထန်ဆုံးမှာ ပြင်းအား ၇ ဒသမ ၆ အဆင့်အထိ ရှိခဲ့ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ၏ ဘူမိရူပဗေဒဆိုင်ရာ ပေါင်းစည်း ဝန်ဆောင်မှု ကမ်ချပ်ကာဌာနခွဲက ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အထူးကျွမ်းကျင်သူများသည် ငလျင်ဒဏ်သင့်ဒေသများရှိ အဆောက်အအုံများကို မကြာမီအချိန် အတွင်း စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း အရေးပေါ်အာဏာပိုင်အဖွဲ့က ပြောသည်။ လက်ရှိ အချိန်အထိ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများနှင့် အဆောက်အအုံထိခိုက်ပျက်စီး မှုများကို ထုတ်ပြန်ဖော်ပြထားခြင်းမရှိသေးပေ။
အဆိုပါ ငလျင်မှာ ကမ်ချပ်ကာနယ်မြေ၏ မြို့တော် ပေထရိုပါဗလော့ဗ်စခ်-ကမ်ချပ် စကီးမှ ၁၁၅ ကီလိုမီတာအကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ပညာရှင်များက အချက်အလက်များကို စိစစ်နေဆဲဖြစ်ကြောင်းနှင့် နောက်ထပ်ပြင်ဆင်ဖြည့်စွက်မှုများရှိလာနိုင်ကြောင်း သိရသည်။
TASS သတင်းဌာန၏ ဖော်ပြချက်အရ ငလျင်လှုပ်ခတ်ချိန်မှာ တစ်မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ဒေသခံ များမှာ အဆောက်အအုံများမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
ဇူလိုင် ၂၀ ရက် အစောပိုင်းတွင် အဆိုပါဒေသ၌ ငလျင်နှစ်ကြိမ် လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ကြိမ်မှာ ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိပြီး နောက်တစ်ကြိမ်မှာ ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိကြောင်း သိရသည်။
ဆင်ဟွာ


