ဝါရှင်တန် ဩဂုတ် ၁၀

နာဆာ၏ SpaceX Crew-10 မစ်ရှင်မှ အာကာသယာဉ်မှူးများသည် နိုင်ငံတကာ အာကာသစခန်း (ISS) တွင်  ငါးလကြာတာဝန်ထမ်းဆောင်ပြီးနောက် ဩဂုတ် ၉ ရက်တွင် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

အာကာသယာဉ်မှူးလေးဦး တင်ဆောင်လာသော SpaceX Dragon  အာကာသယာဉ်သည် ဩဂုတ် ၉ ရက် ဒေသစံတော်ချိန်  နံနက် ၁၁ နာရီ ၃၃ မိနစ်တွင် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂို ကမ်းလွန်သို့ ရောက်ရှိခဲ့သည်။

ပြန်လည်ရောက်ရှိလာသည့် အာကာသယာဉ်မှူးများမှာ နာဆာမှ အာကာသယာဉ်မှူး အန်နီမက်စ် ကလိန်းနှင့် နီခိုလီအေယာစ်၊ ဂျပန်အာကာသအေဂျင်စီ မှအာကာသယာဉ်မှူး တာကူယာအိုနီရှီနှင့် Roscos- mos အာကာသကော်ပိုရေးရှင်းမှ အာကာသယာဉ်မှူး ကီရီပက်စ်ကော့ဗ်တို့ဖြစ်သည်။

နိုင်ငံတကာအာကာသစခန်းတွင် နေထိုင်စဉ်အတွင်း  အာကာသအတွင်း လမ်းလျှောက်ခြင်းနှင့် လျှပ်စီးကြောင်းကြည့်ရှုခြင်းမှအစပြုပြီး အဏုကြည့်ခြင်းဆိုင်ရာလေ့လာမှုများအထိ စမ်းသပ်မှုများစွာကို    ဆောင်ရွက်ခဲ့ကြောင်း  နာဆာက ပြောကြားသည်။

အဆိုပါမစ်ရှင်သည် နာဆာနှင့် SpaceX တို့ပူးပေါင်းဆောင်ရွက်သည့် (၁၀) ကြိမ်မြောက် နိုင်ငံတကာအာကာသစခန်းသို့   သွားရောက်သည့် မစ်ရှင်ဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်