အူလန်ဘာတာ စက်တင်ဘာ ၂၂
မွန်ဂိုလီးယားနိုင်ငံ အနောက်ပိုင်းဇက်ဖ်ခန်းပြည်နယ်၌ ပုံမှန်မဟုတ်သည့်နှင်းများ ထူထပ်စွာ ကျရောက်လျက်ရှိကြောင်း အမျိုးသားမိုးလေဝသနှင့် ပတ်ဝန်းကျင်စောင့်ကြည့်ရေး အေဂျင်စီက စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
နိုင်ငံ၏ အနောက်ပိုင်းတွင်တည်ရှိသည့် ဇက်ဖ်ခန်းပြည်နယ်သည် နိုင်ငံ၏အအေးဆုံး ဆောင်း ရာသီအပူချိန်ကို ပုံမှန်ကြုံတွေ့ရသည့်ဒေသများထဲမှ တစ်ခုဖြစ်ကြောင်းသိရသည်။
အူလီယာစတိုင်၊ ယာရု၊ အီဒါ၊ အယ်ဒါခန်အန်၊ Tsagaankhair- khan၊ Shiluusteiနှင့် အော့ဂွန် ဒေသတို့အပါအဝင် အုပ်ချုပ်ရေးဒေသခွဲတို့၌ စက်တင်ဘာ ၂၁ ရက် နှင့်၂၂ ရက်တို့တွင် နှင်းများကျ ရောက်လျက်ရှိကြောင်းသိရသည်။
အဆိုပါဒေသများတွင် နှင်းကျမှုပမာဏမှာ ပျမ်းမျှ ၂၅ စင်တီမီတာ မှ ၃၀ စင်တီမီတာအထိရှိပြီး တောင်တန်းဒေသများတွင် နှင်းများ ၆၀ စင်တီမီတာအနက်အထိ ရောက်ရှိကြောင်း၊ နှင်းကျပြီး နောက် ယင်းဒေသများ၌ အပူချိန်မှာ အနုတ် ၂ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းမည်ဟု ခန့်မှန်းထား ကြောင်း အေဂျင်စီက ပြောကြားသည်။
အာဏာပိုင်များသည် ပြည်သူများ အထူးသဖြင့် တိရစ္ဆာန်ထိန်းကျောင်းသူများနှင့် ယာဉ်မောင်း နှင်သူများအား ဖြစ်ပေါ်လာနိုင် သည့် ဘေးအန္တရာယ်များကို အထူးသတိပြုရန် သတိပေးထား သည်။
မွန်ဂိုလီးယားနိုင်ငံသည် အလွန်အေးသည့် ဆောင်းရာသီရှည်လျားပြီး နွေရာသီတိုတောင်းကာ ကြမ်းတမ်းသည့် ရာသီဥတုရှိကြောင်း သိရသည်။
ဆင်ဟွာ


