မိတ္ထီလာ     အောက်တိုဘာ      ၁၄

မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာမြို့နယ်၌   သက်တန့်ရောင် စီမံကိန်းရန်ပုံငွေဖြင့် ပန်းတော်ဆက်၊ စက်ပစ်တောင်နှင့်  သဲကုန်းကျေးရွာတို့ရှိ   အသင်းသားတောင်သူများ၏ နို့စားနွားမွေးမြူထားရှိမှု အခြေအနေကို  သမဝါယမဦးစီးဌာန  ညွှန်ကြားရေးမှူးရုံးမှ  ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့က ယမန်နေ့တွင်  ကွင်းဆင်းကြည့်ရှုအားပေးသည်။

ထို့နောက် အသင်းသားတောင်သူများနှင့်တွေ့ဆုံပြီး သက်တန့်ရောင်စီမံကိန်း အကောင်အထည်ဖော်ရေး SOP နှင့် အညီဆောင်ရွက်ရန်၊  ၂ဝ၂၅ -၂ဝ၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ၁ဝဝ ဖြင့်  ကျေးရွာကိုအခြေပြု၍   ချထားပေးခြင်းဖြစ်ကြောင်းနှင့်   မိမိတို့ မွေးမြူထားသည့် နွားများအား စနစ်တကျမွေးမြူဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။ အဆိုပါ ကျေးရွာမှ   အသင်းသုံးသင်းရှိ အသင်းသား ၂၁ ဦးသည်  ဖီရှန်နို့စားနွား မဒန်း ၂၅ ကောင် ၊  ဇီးပါနွား  ၂၅  ကောင် စုစုပေါင်း နို့စားနွား အကောင် ၅ဝ မွေးမြူထားကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)