ဗီယင်နာအိုးပင်းအမျိုးသားတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် အောက်တိုဘာ ၂၆ ရက် က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့အဆင့်(၁) အီတလီတင်းနစ်အကျော်အမော် ဂျန်းနစ်ဆင်းနားနှင့် ကမ္ဘာ့အဆင့်(၂) ဂျာမနီတင်းနစ်အကျော်အမော် အဲလက်ဇန္ဒြား ဇီဗာရက်ဇ်ပွဲစဉ်တွင် ဆင်းနားက အနိုင်ရရှိပြီး ယခုနှစ်ရာသီ၏ လေးကြိမ်မြောက် ဆုဖလားကို ကိုင်မြှောက်အောင်ပွဲခံနိုင်ခဲ့သည်။
ဆင်းနားသည် ဇီဗာရက်ဇ်ကို ၃-၆၊ ၆-၃၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိရန် နှစ်နာရီခွဲကြာ ယှဉ်ပြိုင်ကစားခဲ့ရကြောင်း သိရသည်။ ဆင်းနားသည် အောက်တိုဘာလအစောပိုင်းက ကျင်းပခဲ့သည့် တရုတ်အိုးပင်းပြိုင်ပွဲတွင် ဖလားဆွတ်ခူးနိုင်ခဲ့သည့်အတွက် ယခုအကြိမ်မှာ တစ်လအတွင်း ဒုတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ဆင်နားသည် ဗီယင်နာအိုးပင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် (၃)ရှိ ဩစတြေးလျတင်းနစ်ကစားသမား အဲလက်စ် ဒီမီနာအာကို ၆-၃၊ ၆-၄ ရလဒ်ဖြင့် အနိုင်ယူကာ နောက်ဆုံးဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်လှမ်းလာသူဖြစ်သည်။ ပြိုင်ဘက် ဇီဗာရက်ဇ်က ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် (၄) ရှိ အီတလီတင်းနစ်ကစားသမား လော်ရန်ဇို မူဆက်တီကို ၆-၄၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာသူဖြစ်သည်။
ယခု ဗိုလ်လုပွဲစဉ်မှာ ဇန်နဝါရီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ဩစတြေးလျအိုးပင်းပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲစဉ်ပြီးနောက် ဆင်းနားနှင့် ဇီဗာရက်စ်တို့အကြား ပထမဆုံးအကြိမ် တွေ့ဆုံသည့် ဗိုလ်လုပွဲစဉ်ဖြစ်သည်။ ဆင်းနားသည် ဩစတြေးလျအိုးပင်းဗိုလ်လုပွဲတွင်လည်း ဇီဗာရက်စ်ကို ၆-၃၊ ၇-၆၊ ၆-၃ ရလဒ်ဖြင့် အနိုင်ယူကာ ဖလားဆွတ်ခူးထားသည်။
ထို့ကြောင့် ဇီဗာရက်ဇ်သည် အဆိုပါဗိုလ်လုပွဲရှုံးနိမ့်မှုကို ချေဖျက်နိုင်ခြင်းမရှိဘဲ ရှုံးပွဲထပ်မံကြုံတွေ့ကာ ဖလားဆွတ်ခူးကိုင်မြှောက်အောင်ပွဲခံခွင့် ဆက်လက်လွဲချော်ခဲ့သည်။
အောင်ဇော်


