ဗီယင်နာအိုးပင်းအမျိုးသားတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် အောက်တိုဘာ ၂၆ ရက် က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့အဆင့်(၁)  အီတလီတင်းနစ်အကျော်အမော် ဂျန်းနစ်ဆင်းနားနှင့် ကမ္ဘာ့အဆင့်(၂)  ဂျာမနီတင်းနစ်အကျော်အမော်  အဲလက်ဇန္ဒြား  ဇီဗာရက်ဇ်ပွဲစဉ်တွင် ဆင်းနားက အနိုင်ရရှိပြီး ယခုနှစ်ရာသီ၏ လေးကြိမ်မြောက် ဆုဖလားကို ကိုင်မြှောက်အောင်ပွဲခံနိုင်ခဲ့သည်။

ဆင်းနားသည် ဇီဗာရက်ဇ်ကို ၃-၆၊ ၆-၃၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိရန် နှစ်နာရီခွဲကြာ ယှဉ်ပြိုင်ကစားခဲ့ရကြောင်း သိရသည်။ ဆင်းနားသည် အောက်တိုဘာလအစောပိုင်းက ကျင်းပခဲ့သည့် တရုတ်အိုးပင်းပြိုင်ပွဲတွင် ဖလားဆွတ်ခူးနိုင်ခဲ့သည့်အတွက် ယခုအကြိမ်မှာ  တစ်လအတွင်း ဒုတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ဆင်နားသည်  ဗီယင်နာအိုးပင်းပြိုင်ပွဲ  ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် (၃)ရှိ  ဩစတြေးလျတင်းနစ်ကစားသမား အဲလက်စ် ဒီမီနာအာကို ၆-၃၊ ၆-၄ ရလဒ်ဖြင့် အနိုင်ယူကာ နောက်ဆုံးဗိုလ်လုပွဲသို့   ထိုက်ထိုက်တန်တန်  တက်လှမ်းလာသူဖြစ်သည်။ ပြိုင်ဘက် ဇီဗာရက်ဇ်က   ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် (၄) ရှိ  အီတလီတင်းနစ်ကစားသမား  လော်ရန်ဇို မူဆက်တီကို   ၆-၄၊ ၇-၅ ရလဒ်ဖြင့်   နိုင်ပွဲရရှိကာ    ဗိုလ်လုပွဲသို့ တက်လှမ်းလာသူဖြစ်သည်။

ယခု ဗိုလ်လုပွဲစဉ်မှာ ဇန်နဝါရီလတွင်  ကျင်းပပြုလုပ်ခဲ့သည့် ဩစတြေးလျအိုးပင်းပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲစဉ်ပြီးနောက် ဆင်းနားနှင့် ဇီဗာရက်စ်တို့အကြား ပထမဆုံးအကြိမ် တွေ့ဆုံသည့် ဗိုလ်လုပွဲစဉ်ဖြစ်သည်။ ဆင်းနားသည် ဩစတြေးလျအိုးပင်းဗိုလ်လုပွဲတွင်လည်း    ဇီဗာရက်စ်ကို ၆-၃၊ ၇-၆၊ ၆-၃ ရလဒ်ဖြင့် အနိုင်ယူကာ ဖလားဆွတ်ခူးထားသည်။

ထို့ကြောင့်  ဇီဗာရက်ဇ်သည် အဆိုပါဗိုလ်လုပွဲရှုံးနိမ့်မှုကို ချေဖျက်နိုင်ခြင်းမရှိဘဲ  ရှုံးပွဲထပ်မံကြုံတွေ့ကာ ဖလားဆွတ်ခူးကိုင်မြှောက်အောင်ပွဲခံခွင့် ဆက်လက်လွဲချော်ခဲ့သည်။                     

အောင်ဇော်