အောင်ဇေယျဟိန်း
(ယမန်နေ့မှအဆက်)
လောင်စာဆီ လိုအပ်ချက်ကို လျှော့ချနေပြီလား
EV ကြီးထွားလာမှုက လောင်စာဆီသုံးကားရောင်းအားအမြင့်ဆုံးဖြစ်ခဲ့သည့် ၂၀၁၇ ခုနှစ်နှင့် လောင်စာဆီလိုအပ်ချက်အမြင့်ဆုံးဖြစ်ခဲ့သည့် ၂၀၁၉ ခုနှစ်များအပြီး ယခုဆယ်စုနှစ်၏ အလယ်ပိုင်းတွင် လောင်စာဆီသုံးကားဈေးကွက်သည် အမြင့်ဆုံးသို့ ရောက်ရှိမည်ဟု ဆိုနိုင်သည်။ ပုံ-၃ တွင် တွေ့မြင်ရသည့်အတိုင်း လောင်စာဆီသုံးကားများအတွက် ရေနံလိုအပ်ချက်သည် ဆက်တိုက်တိုးတက်နေသော စွမ်းအင်စွမ်းရည်မြှင့်တင်စနစ်များနှင့် EV များ၏ ထွန်းကားလာမှုကြားတွင် ညှစ်ချုပ်ခံရမည်ဖြစ်သည်။ EV များသည် ကားရောင်းအားတစ်ခုလုံး၏ အများစုဖြစ်လာနိုင်ပြီး နောင်လာမည့် ၁၅ နှစ်အတွင်း လောင်စာဆီလိုအပ်ချက်၏ လေးပုံတစ်ပုံသည် သုညသို့ ကျဆင်းသွားမည်ဖြစ်သည်။ ကမ္ဘာ့တောင်ပိုင်း ဒေသများရှိ ဖွံ့ဖြိုးပြီးယာဉ်ဈေးကွက်များဖြစ်သည့် ဆိုင်ကယ်၊ သုံးဘီးယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များကလည်း EV လမ်းကြောင်းကို လျှောက်လှမ်းနေကြပြီဖြစ်ရာ ကုန်းကြောင်းပို့ဆောင် ရေးကဏ္ဍမှ ကမ္ဘာ့ရေနံဝယ်လိုအား၏တစ်ဝက်မှာ မကြာမီကျဆင်းသွားမည်ဟု သုံးသပ်နိုင်ပါသည်။
EV တိုးတက်မှုကို မရပ်တန့်နိုင်
EV ရောင်းအားတိုးတက်မှုသည် S - မျဉ်းကွေး ပုံစံဖြင့် တိုးတက်ရွေ့လျားလျက်ရှိပြီး နိုင်ငံတစ်ခု ပြီးတစ်ခုသည် ဆင်တူသောလမ်းကြောင်းကို လျှောက်လှမ်းလျက်ရှိသည်။ စီးပွားရေးသဘော တရားအရ နိုင်ငံများသည် ဈေးကွက်ဝေစုရာခိုင်နှုန်း တစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ ရောက်ရှိရန် နှစ်ပေါင်း ခြောက်နှစ်ခန့် ကြာမြင့်လေ့ရှိပြီး ထိပ်တန်း နိုင်ငံများအနေဖြင့် ရာခိုင်နှုန်း ၈၀ သို့ ရောက်ရှိရန် နောက်ထပ် နှစ်ပေါင်းခြောက်နှစ်ခန့် အချိန်ယူရလေ့ရှိသည်။
လက်ရှိအချိန်အထိ EV ကြီးထွားမှုနှင့် အခြားနည်းပညာအသွင်ကူးပြောင်းမှု သင်ခန်းစာများကို အခြေခံထားသောလေ့လာမှုများအရ ပုံ-၄ တွင် စာဖတ်သူတွေ့မြင်ရသည့်အတိုင်း ၂၀၃၀ ပြည့်နှစ် တွင် EV ရောင်းချရမှုသည် အနည်းဆုံးလေးခေါက်ချိုး တိုးတက်လာမည်ဖြစ်ပြီး ကမ္ဘာ့ကားရောင်းချမှု၏ ၆၂ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်းအထိ လွှမ်းမိုးလာမည်ဟု ခန့်မှန်းတွက်ချက်ထားကြပါသည်။ ၂၀၂၆ ခုနှစ် အစောပိုင်းတွင်ပင် EV ရောင်းချရမှုသည် လောင်စာဆီသုံးကားများ၏ ရောင်းချရမှု ရာခိုင်နှုန်းကို ကျော်တက်သွားနိုင်ပါသည်။
အစပိုင်းတွင် နှေးကွေးခဲ့သော်လည်း အိန္ဒိယနိုင်ငံ၏ EV အသုံးပြုမှုသည် ယခုအခါ အရှိန်ရလာခဲ့ပြီး သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ကားများ၏ စုစုပေါင်းရောင်းချမှုပမာဏသည် ပြီးခဲ့သည့် တစ်နှစ်အတွင်း နှစ်ဆနီးပါးခန့် တိုးတက်လာခဲ့သည်။ ထို့ပြင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ပထမခြောက်လအတွင်း EV ၉၁၇၂၆ စီးရောင်းချခဲ့ရပြီး ယင်းပမာဏ သည် ပြီးခဲ့သည့်နှစ် ပထမခြောက်လအတွင်း ရောင်းချနိုင်ခဲ့သည့် EV ၄၄၁၇၂ စီးဖြင့် နှိုင်းယှဉ်လျှင် ၁၀၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်ကာ ၂၀၂၄-၂၀၂၅ တစ်နှစ်လုံးအတွင်း ရောင်းချခဲ့သည့် EV အရေအတွက် ၁၀၁၀၀၀ ခန့်၏ ၈၆ ရာခိုင်နှုန်းခန့်ရှိနေပြီး EV အသုံးပြုလာမှု၏ ကြီးထွားနှုန်းကို ထင်ဟပ်နေသည်။ ဤသို့ဖြင့် ဈေးကွက်အတွင်း EV ၏ ဝေစုသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အဆုံးတွင် မှတ်တမ်းတင်ခဲ့သည့် ၂ ဒသမ ၆ ရာခိုင်နှုန်းမှ ယခုနှစ်အတွင်း ငါးရာခိုင်နှုန်းခန့်အထိ ရောက်ရှိလာခဲ့သည်။
ဩစတြေးလျနိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ဘက်ထရီဖြင့်မောင်းနှင်သော BEV နှင့် PHEV ၇၂၀၀၀ ကျော်ကို ရောင်းချခဲ့ရသည်။ ယင်းမှာ ကားအသစ်ရောင်းချမှုအားလုံး၏ ၁၂ ရာခိုင်နှုန်းခန့်ရှိပြီး ၂၀၂၄ ခုနှစ်မှ အလားတူကာလနှင့်နှိုင်းယှဉ်လျှင် လေးပုံတစ်ပုံနီးပါး တိုးတက်လာခြင်းဖြစ်သည်။ ဤကဲ့သို့ အရှိန်အဟုန်ရှိနေသော်လည်း တိုးတက်မှု သည် နှေးကွေးနေဆဲဟုဆိုနိုင်သည်။ နော်ဝေ ၉၈ ဒသမ ၃ ရာခိုင်နှုန်း၊ နီပေါ ၇၆ ရာခိုင်နှုန်းနှင့် တရုတ် ၅၁ ရာခိုင်နှုန်းကဲ့သို့သော နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဩစတြေးလျနိုင်ငံ၏ EV ရောင်းချမှုနှုန်းသည် နောက်ကျကျန်ရစ်နေခဲ့သည်။
ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် BEV အစီးရေ ၆၆၀၀၀ ကျော်ကိုမှတ်ပုံတင်ခဲ့ပြီး အိမ်နီးချင်း နိုင်ငံများကို ကျော်လွန်ကာ ဒေသတွင်းတွင် အရင့်ကျက်ဆုံး EV စျေးကွက်အဖြစ် ၎င်း၏ရပ်တည်ချက်ကို ခိုင်မာစေလျက်ရှိပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် EV ကဏ္ဍ၌ အိမ်စီးကား ၇၂၅၀၀၀ (စုစုပေါင်း အိမ်စီးကားများ၏ ၃၀ ရာခိုင်နှုန်း)၊ EV ဆိုင်ကယ် ၆၇၅၀၀၀ (စုစုပေါင်း ဆိုင်ကယ်များ၏ ၃၀ ရာခိုင်နှုန်း)၊ EV ဘတ်စ်ကား ၃၄၀၀၀ (စုစုပေါင်း ဘတ်စ်ကားများ၏ ၄၇ ရာခိုင်နှုန်း)၊ အမြန်အားသွင်းရုံ ၁၂၀၀၀ အထိ ဖွံ့ဖြိုးတိုးတက်လာရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယားအစိုးရသည် ၂၀၂၄ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိသည့် အမျိုးသား လျှပ်စစ်ကားဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ ချမှတ်ကာ ၂၀၃၀ ပြည့်နှစ်တွင် ဘက်ထရီလျှပ်စစ်သုံးယာဉ် (Battery Electric Vehicle - BEV) အမျိုးအစား အိမ်စီးကား ၂၅၀၀၀၊ လုပ်ငန်းသုံးကား ၅၀၀၀၊ ဆိုင်ကယ် နှစ်ဘီး ၇၂၀၀၀၀ နှင့် သုံးဘီးယာဉ် ၂၀၀၀၀ တို့ကို သုံးစွဲနိုင်ရေးရည်မှန်းချက် ချမှတ်ဆောင်ရွက်လျက်ရှိပြီး EV အသုံးပြုမှု ရေပန်းစားလာပြီ ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
ဗီယက်နမ်နိုင်ငံသည် အာဆီယံတွင် အလျင်မြန်ဆုံး တိုးတက်နေသော EV စျေးကွက်ကို ပိုင်ဆိုင် ထားပြီး ၂၀၂၄ ခုနှစ်တွင် VinFast ၏ ရောင်းအားသည် ၁၇၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ EV ကားများသည် ယခုအခါ ကားသစ်ရောင်းချမှု၏ ရာခိုင်နှုန်း ၂၀ ခန့်ကို ကိုယ်စားပြုလျက်ရှိရာ နိုင်ငံအတွင်း၌ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်အတွက် လောင်စာ ဆီသုံးမော်တော်ဆိုင်ကယ် အသုံးပြုခြင်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လမှစ၍ တားမြစ်ရန် စီစဉ်လျက်ရှိပါသည်။ ဟိုချီမင်းမြို့၌ EV များကို သင့်တော်သော နှုန်းထားဖြင့် အားသွင်းနိုင်ပြီး ခေတ္တနားနေရန်နေရာ ထိုင်ခင်းများပါ စီစဉ်ထားရှိသည့် ကော်ဖီဆိုင်များကို ၂၀၂၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဩဂုတ်လမှစကာ EV ဘတ်စ်ကား ၄၄၃ စီးကို ထပ်မံ ဖြည့်တင်းခဲ့ရာ EV ဘတ်စ်ကား ၆၁၃ စီးအထိ ရှိလာကြောင်း လေ့လာသိရှိရပါသည်။
နီပေါနိုင်ငံ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လေးဘီးတပ် EV တင်သွင်းမှု ၁၀၇၀၁ စီးသာရှိခဲ့ရာမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် လေးဘီးတပ် EV တင်သွင်းမှု ၁၃၅၇၈ စီး တင်သွင်းနိုင်ရာ ၁၅ ရာခိုင် နှုန်း မြင့်တက်လာကြောင်း ယင်းတင်သွင်းမှုများ အနက် ၇၅ ဒသမ ၂ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှဖြစ်ကြောင်း သိရှိရပါသည်။
ကမ္ဘာ့ EV ဈေးကွက်ကို ဦးဆောင်နေသည့် နိုင်ငံ
အမှန်စင်စစ်တွင် ကမ္ဘာ့ EV ဈေးကွက်သည် ပြင်းထန်လှသည့် စစ်ပွဲတစ်ခုအသွင်ဆောင်လျက်ရှိပြီး တရုတ်နိုင်ငံက ထိပ်ဆုံးနေရာတွင် နေရာယူထား မှုကို ဖယ်ထုတ်နိုင်ရေးအတွက် EV များ တင်ပို့မှုအပေါ် နိုင်ငံအချို့က အခွန်အခများ မြှင့်တင် ကောက်ခံကြပါသည်။ သို့ရာတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ EV ဈေးကွက်တွင် အခြားနိုင်ငံများ ယှဉ်နိုင် စွမ်းမရှိအောင် ပြတ်သားစွာ ဦးဆောင်ထားနိုင်သော နိုင်ငံဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ကမ္ဘာ့ BEV မှတ်ပုံတင်မှုပမာဏအားလုံး၏ ၅၇ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ပိုင်ဆိုင်ထားသည်။ ယင်းသည် တရုတ်နိုင်ငံ၏ ဧရိယာနယ်နိမိတ်ကြီးမားကာ လူဦးရေများပြားပြီး EV သုံးစွဲသူများပြားမှု၊ EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးပံ့ပိုးမှုများ၊ EV သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာလရှည်ကြာ တစိုက်မတ်မတ် နှစ်မြှုပ် ဆောင်ရွက်ခဲ့ရာက နည်းပညာအရွေ့များတွင် ဦးဆောင်နေမှု၊ အဆင့်မြင့်ဘက်ထရီနည်းပညာများ အသုံးချနိုင်မှုနှင့် EV သုံးစွဲသူများ၏ စိတ်ကြိုက် နည်းပညာအသစ်အဆန်းများဆိုင်ရာ စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်နိုင်မှုများသည် ကမ္ဘာ့ EV လောကကို တရုတ်နိုင်ငံက စိုးမိုးထားနိုင်မှုကို အစဉ် အရှိန်အဟုန် မြှင့်တင်ပေးလျက်ရှိသည်။ လေ့လာမှုများအရ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း ဥရောပသည် BEV မှတ်ပုံတင်မှု ၂၂ ရာခိုင်နှုန်းဖြင့် တရုတ်နိုင်ငံ၏ BEV မှတ်ပုံတင်မှုအောက် ၃၅ ရာခိုင် နှုန်း လျော့နည်းကာ နောက်မှလိုက်နေပြီး အမေရိကန်နိုင်ငံသည် BEV မှတ်ပုံတင်မှု ၁၂ ရာခိုင်နှုန်း သာရှိ၍ တရုတ်နိုင်ငံ၏ BEV မှတ်ပုံတင်မှုအောက် ၄၅ ရာခိုင်နှုန်း လျော့နည်းနေကြောင်း တွေ့ရှိရသည်။
EV ခေတ်ဆီ ဦးတည်ပြီ
နိုင်ငံတကာတွင် ကမ္ဘာ့ EV သုံးစွဲမှု တစ်ရှိန်ထိုးမြင့်တက်လာမှုကြောင့် ဘက်ထရီထုတ်လုပ်မှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လာသည်ကို တွေ့ရှိလာရပါသည်။ မိနစ်ပိုင်းမျှ အားသွင်းရုံဖြင့် မိုင်ပေါင်းရာထောင်ချီ သွားလာနိုင်ပြီး စွမ်းရည်မြင့် လီသီယံ-အိုင်းယွန်း ဘက်ထရီမျိုးကွဲများအပြင် ဆိုဒီယမ်-အိုင်းယွန်းနှင့် နှစ်ပေါင်း ၄၀ သက်တမ်းရှိသည့် စွမ်းအင်သိပ်သည်းဆကြီးမားသည့် Solid State EV ဘက်ထရီများဆိုင်ရာ ဘက်ထရီနည်းပညာ အသစ်အဆန်းများလည်း ပေါ်ပေါက်လာပြီဖြစ်ပါ သည်။ EV သုံးစွဲသူများစိတ်ကြိုက် တီထွင်ဖန်တီးနိုင်ရေးအတွက် သုတေသနပြုလေ့လာစရာ နေရာလွတ်များ ဆက်လက်တည်ရှိနေမှုသည် ၂၀၃၀ ပြည့်နှစ်တွင် ဘက်ထရီစျေးနှုန်းများ ထက်ဝက်ခန့် ကျဆင်းသွားမည်ဖြစ်ကြောင်း ညွှန်ပြနေပြီး နိုင်ငံကြီးတိုင်းနှင့် ယာဉ်အမျိုးအစားတိုင်းသည် စျေးနှုန်းတူညီမှုကို ခံစားရရှိစေမည်ဖြစ်ပါသည်။
ပြောင်းလဲမှုများ၏ အဓိကမောင်းနှင်အားသည် ယခင်က မူဝါဒများဖြစ်ခဲ့သော်လည်း ယခုအခါတွင် စီးပွားရေးဆိုင်ရာအချက်များနှင့် နည်းပညာထိပ်ဆုံး နေရာအတွက် ပြိုင်ဆိုင်မှုတို့က ပါဝင်နေရာယူလာ ခဲ့ပြီဖြစ်ပါသည်။ EV ဖွံ့ဖြိုးမှုကို ဦးဆောင်နေသော တရုတ်နိုင်ငံနှင့် အခြားသော EV ထုတ်လုပ်ရောင်းချသည့် နိုင်ငံများအကြား ကမ္ဘာ့ EV လောကတွင် အုပ်စိုးနိုင်ရန်အတွက် ယှဉ်ပြိုင်မှုများ ပြင်းထန်လာပြီး အထက်ပါ EV ဘက်ထရီနည်းပညာသစ်များ အပြိုင်အဆိုင် ဖွံ့ဖြိုးလာမှုနှင့်အတူ မောင်းနှင်မှု စွမ်းဆောင်ရည်မြှင့်တင်ကာ အလိုအလျောက် မောင်းနှင်ထိန်းချုပ်စနစ်များ ထွန်းကားလာခြင်း၊ ဒီဇိုင်းများ အစဉ်ဆန်းသစ်လာခြင်း၊ Smart City များ တည်ထောင်မှုကြောင့် EV သုံးစွဲမှု ခေတ်စားလာခြင်း၊ Smart Grid ဖြင့် ဓာတ်အားစနစ်များ အဆင့်မြှင့်တင် ကာ EV အားသွင်းခြင်းဆိုင်ရာ အခက်အခဲများအတွက် ဖြေရှင်းရန် နည်းပညာအဖြေများကို သုတေ သနများမှတစ်ဆင့် ရှာဖွေတွေ့ရှိလာကြခြင်း၊ ဓာတ်အားလိုင်း ကွန်ရက်စနစ်နှင့် ကွန်ရက်စနစ် ပြင်ပ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အခြေပြု EV အားသွင်းစခန်းများကို တည်ဆောက်နေရာချထားခြင်းဆိုင်ရာ နည်းပညာများ အသုံးချလာကြခြင်းနှင့် ဘက်ထရီလဲလှယ်စနစ်ရုံ (Battery Swapping Station)များ တည်ထောင် အသုံးပြုခြင်းတို့ကြောင့် ကမ္ဘာ့ကားဈေးကွက် ကြိုတင်ခန့်မှန်းသူများသည် ၎င်းတို့၏ EV ဈေးကွက်ဝေစုကြီးထွားလာမှုကို လျှော့တွက်၍မရတော့ဘဲ ခန့်မှန်းချက်များကို နှစ်စဉ်နှစ်တိုင်း မြှင့်တင်ပြင်ဆင်နေရလျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
ဤနေရာတွင် နိုင်ငံအချို့၌ ဟိုက်ဒရိုဂျင်သုံးလောင်စာဆဲလ်ယာဉ်များ(Hydrogen Fuel Cell Vehicles-FCEVs) သုံးစွဲမှုများကို တွေ့ရှိလာရသဖြင့် EV လမ်းကြောင်းရွေးချယ်မှုအတွက် သံသယရှိစရာ ဖြစ်စေနိုင်ပါသည်။ အဆိုပါ ဟိုက်ဒရိုဂျင်သုံး လောင်စာဆဲလ်ယာဉ်သည် ပတ်ဝန်းကျင်ကို ညစ်ညမ်းမှု မရှိစေသော သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် အလားအလာရှိနေသော်လည်း EV လို ကမ္ဘာ့နိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံသုံးစွဲနိုင်ရန်အတွက် အဓိကအားနည်းချက်များ ရှိနေပါသေးသည်။
ယင်းတို့မှာ ၁။ ဟိုက်ဒရိုဂျင်ဖြည့်တင်းနိုင်သည့် စခန်းများ (Refueling Stations) အလွန်နည်း ပါးခြင်း၊ ၂။ လောင်စာဖြည့်တင်းကုန်ကျစရိတ် မြင့်မားလွန်းခြင်း (ဟိုက်ဒရိုဂျင်ထုတ်လုပ်မှု၊ ဖိသိပ်မှု၊ သယ်ယူပို့ဆောင်မှု၊ သိုလှောင်မှုနှင့် ဖြည့်တင်း စခန်းလည်ပတ်မှု စသည့်စရိတ်များကြောင့် ပန့်တွင်ရောင်းချသည့် စျေးနှုန်းမှာ အလွန်မြင့်မားနေခြင်း)၊ ၃။ ယာဉ်ထုတ်လုပ်မှုစရိတ်မြင့်မားခြင်း (လောင်စာဆဲလ်များ၌ ပလက်တီနမ်နှင့် အဖိုးတန်သတ္တုများ လိုအပ်သောကြောင့် ယာဉ်၏ ကနဦးကုန်ကျစရိတ် မှာလည်း မြင့်မားနေခြင်း)၊ ၄။ စွမ်းအင်စွမ်းရည်နည်းပါးခြင်း (လျှပ်စစ်ဓာတ်ကို ဟိုက်ဒရိုဂျင်အဖြစ်သို့ ပြောင်းလဲခြင်း၊ ဖိသိပ်ခြင်း၊ အရည်ဖြစ်အောင်လုပ် ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြည့်တင်းစခန်း၌ သိုလှောင်ခြင်း၊ ဖြည့်တင်းပြီးနောက် ယာဉ်ပေါ်ရှိ လောင်စာဆဲလ်၌ လျှပ်စစ်ဓာတ်အဖြစ် ပြန်ပြောင်း ခြင်း စသည့်လုပ်ငန်းစဉ်များတွင် စွမ်းအင်များစွာ ဆုံးရှုံးရခြင်း)၊ ၅။ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင် ခြင်း အခက်အခဲများ (ဟိုက်ဒရိုဂျင်သည် ထုထည်လိုက် စွမ်းအင်သိပ်သည်းဆ နည်းပါးသောကြောင့် ယာဉ်ပေါ်တွင် သိုလှောင်ကန်ဒီဇိုင်းကို ရှုပ်ထွေးစေပြီး စရိတ်ကြီးစေခြင်းနှင့် ဟိုက်ဒရိုဂျင်သည် လေနှင့်ထိတွေ့ပါက အလွန်မီးလောင်လွယ်ပြီး မီးတောက်မှာလည်း မမြင်ရနီးပါးဖြစ်၍ ယိုစိမ့်မှုဖြစ်ပါက ပေါက်ကွဲနိုင်ခြေရှိသဖြင့် ဘေးအန္တရာယ်ကာကွယ်ရေးစနစ်များဖြင့် တည်ဆောက်ထားရခြင်း)တို့ ဖြစ်ကြပါသည်။ အဆိုပါ အားနည်းချက်များအပြင် ပြည်ပနိုင်ငံများသို့ စာရေးသူလေ့လာရေးများ သွားရောက်စဉ် ဆွေးနွေးမေးမြန်းမှုများအရ ဟိုက်ဒရိုဂျင်သုံး လောင်စာဆဲလ်ယာဉ်များ တွင်ကျယ်စွာ သုံးစွဲနိုင်ရန်မှာ ကုန်ကျစရိတ်များပြားလွန်းရာ ဖွံ့ဖြိုးမှုသည် အလှမ်းဝေးလျက်ရှိကြောင်း သိရှိရပါ သည်။ သို့ဖြစ်ရာ ကမ္ဘာ့သယ်ယူပို့ဆောင်ရေးယာဉ်များသည် လက်ရှိပြိုင်ဆိုင်မှု အရှိန်အဟုန် ပြင်းထန် လျက်ရှိသည့် EV ခေတ်ဆီ ဦးတည်လျက်ရှိနေကြောင်း စာရေးသူအနေဖြင့် သုံးသပ်တွေ့ရှိရပါသည်။
ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိ
စာရေးသူတို့၏ နိုင်ငံတွင်လည်း “နိုင်ငံတော် သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူ သော အမျိုးသားရေးဆောင်ပုဒ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့အဖိုးတန် ရေမြေသဘာဝပတ်ဝန်းကျင်သာယာလှပရေးကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းနိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရေး၊ အခြားသော နိုင်ငံများနည်းတူ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု တိုက်ဖျက်ရေး၊ ကာဗွန်ကင်းစင်ကာ ရုပ်ကြွင်းလောင်စာများမှ ထိခိုက်မှုများလျှော့ချနိုင်ရေး၊ နိုင်ငံတော်က စက်သုံးဆီဆိုင်ရာ နိုင်ငံခြားငွေကုန်ကျစရိတ်များနှင့် ပြည်သူတို့အတွက် လောင်စာ ဆီသုံးကားလို စက်သုံးဆီ အသုံးစရိတ်မရှိခြင်းနှင့် လည်ပတ်မှုအင်ဂျင်မပါဝင်သဖြင့် ပြုပြင်ထိန်းသိမ်း ရမှုများအတွက် ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်းအပြင် နိုင်ငံ့မြို့ကြီးများ၌ လေထုအရည်အသွေး ညွှန်းကိန်းများကို မြင့်မားစေပြီး ပြည်သူများအတွက် သန့်ရှင်းသော လေထုမှတစ်ဆင့် ကျန်းမာရေး ကောင်းမွန်စေသည့် ဆုလာဘ်များကိုပါ ရရှိနိုင်ရေး၊ ခေတ်မီ EV များ စနစ်တကျသုံးစွဲနိုင်ကာ Smart Transportation System မှတစ်ဆင့် Smart City များ ဖြစ်ထွန်းလာစေခြင်း စသောအကျိုးကျေးဇူးများ ရရှိစေနိုင်ရေး၊ EV သုံးစွဲမှု မြင့်တက်လာမှုနှင့်အညီ ပြည်သူတို့ ဘေးအန္တရာယ်ကင်းရှင်းစွာ စံချိန်စံညွှန်း များနှင့်အညီ သက်တမ်းပြည့် သုံးစွဲနိုင်စေရေးတို့အတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ EV ကဏ္ဍ ဖွံ့ဖြိုးရေးမူဝါဒများနှင့် လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းကော်မတီ ငါးခုတို့က ဆက်စပ်ဌာနများ၊ ပြင်ပအဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း တင်ပြလိုက်ရပါတော့သည်။ ။
ကိုးကားချက်-
၁။ စာရေးသူ၏ သုတေသနပြုလေ့လာမှု အတွေ့ အကြုံများ
၂။ အင်တာနက်မှ ရှာဖွေလေ့လာမှုများ


