ရန်ကုန် ဒီဇင်ဘာ ၁၄
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေသည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဘိလိယက်အသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၄ ရက်က ဆက်လက်ကျင်းပရာ မြန်မာအသင်း အနိုင်ရရှိပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။
ရွှေတံဆိပ်ဆုရယူပေး
ဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်းတွေ့ဆုံခဲ့ပြီး မြန်မာအသင်းက ၃-၁ ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် နာမည်ကြီးကစားသမား ပီတာဂေးလ်ခရစ် ဦးဆောင်လာသည့် စင်ကာပူအသင်းကို အနိုင်ယူကာ ထိုင်းဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဘိလိယက်အဖွဲ့အတွက် ရွှေတံဆိပ်ဆုရယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမပွဲငယ်တွင် ၁၀၀-၄၆ မှတ်ဖြင့် အနိုင်ရရှိပြီး ဒုတိယပွဲငယ်တွင် ၁၀၀-၆၈ မှတ်ဖြင့် အရေးနိမ့်ခဲ့သည်။ ထို့ကြောင့် လက်ကျန်ပွဲငယ်များမှာ အရေးပါလာပြီး တတိယပွဲငယ်တွင် ၁၀၀-၃၅ မှတ်၊ စတုတ္ထပွဲငယ်တွင် ၁၀၂-၄၅ မှတ်ဖြင့် အနိုင်ရရှိကာ ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်သည်။ ရွှေတံဆိပ်ရခဲ့သည့် မြန်မာဘိလိယက်အသင်းတွင် ပေါက်စ၊ နေသွေးဦးနှင့် အောင်ဌေးတို့ ပါ၀င်သည်။
ယခုဆီးဂိမ်းပြိုင်ပွဲတွင် ဘိလိယက်ပွဲစဉ်များပြီးဆုံးသွားပြီဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား နှစ်မျိုးထည့်သွင်းကျင်းပရာ မြန်မာဘိလိယက်အဖွဲ့က ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု ရရှိခဲ့သည်။ ရွှေတံဆိပ်ဆုကို အသင်းလိုက်ပြိုင်ပွဲ၊ ငွေတံဆိပ်ဆုကို တစ်ဦးချင်းပြိုင်ပွဲမှ ပေါက်စတို့က ရယူပေးခဲ့ခြင်းဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MBSF


