ရန်ကုန်      ဒီဇင်ဘာ      ၁၄

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေသည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ  ဘိလိယက်အသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၄ ရက်က ဆက်လက်ကျင်းပရာ  မြန်မာအသင်း အနိုင်ရရှိပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

ရွှေတံဆိပ်ဆုရယူပေး

ဗိုလ်လုပွဲတွင်   မြန်မာအသင်းနှင့် စင်ကာပူအသင်းတွေ့ဆုံခဲ့ပြီး   မြန်မာအသင်းက ၃-၁ ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။  မြန်မာအသင်းသည်  နာမည်ကြီးကစားသမား ပီတာဂေးလ်ခရစ် ဦးဆောင်လာသည့်  စင်ကာပူအသင်းကို အနိုင်ယူကာ ထိုင်းဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဘိလိယက်အဖွဲ့အတွက် ရွှေတံဆိပ်ဆုရယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမပွဲငယ်တွင် ၁၀၀-၄၆ မှတ်ဖြင့် အနိုင်ရရှိပြီး ဒုတိယပွဲငယ်တွင် ၁၀၀-၆၈ မှတ်ဖြင့် အရေးနိမ့်ခဲ့သည်။ ထို့ကြောင့် လက်ကျန်ပွဲငယ်များမှာ အရေးပါလာပြီး  တတိယပွဲငယ်တွင် ၁၀၀-၃၅ မှတ်၊    စတုတ္ထပွဲငယ်တွင်   ၁၀၂-၄၅ မှတ်ဖြင့် အနိုင်ရရှိကာ ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်သည်။ ရွှေတံဆိပ်ရခဲ့သည့်   မြန်မာဘိလိယက်အသင်းတွင်  ပေါက်စ၊  နေသွေးဦးနှင့် အောင်ဌေးတို့ ပါ၀င်သည်။

ယခုဆီးဂိမ်းပြိုင်ပွဲတွင် ဘိလိယက်ပွဲစဉ်များပြီးဆုံးသွားပြီဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား နှစ်မျိုးထည့်သွင်းကျင်းပရာ မြန်မာဘိလိယက်အဖွဲ့က ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု ရရှိခဲ့သည်။ ရွှေတံဆိပ်ဆုကို အသင်းလိုက်ပြိုင်ပွဲ၊ ငွေတံဆိပ်ဆုကို တစ်ဦးချင်းပြိုင်ပွဲမှ ပေါက်စတို့က ရယူပေးခဲ့ခြင်းဖြစ်သည်။                                           

သတင်း-ကိုညီလေး

ဓာတ်ပုံ-MBSF