ရန်ကုန်     ဒီဇင်ဘာ    ၁၅

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စုပွဲစဉ်များကို   ဒီဇင်ဘာ   ၁၅ ရက်က  ဆက်လက်ကျင်းပရာ မြန်မာအသင်းသည်  အုပ်စုနှစ်ပွဲ စလုံးရှုံးနိမ့်ပြီး အဆင့်လုပွဲ ထပ်မံကစားရမည်ဖြစ်သည်။

မြန်မာအမျိုးသားဘော်လီဘောအသင်းသည် အုပ်စုပွဲများတွင် ဖိလစ်ပိုင်အသင်းကို ပထမပွဲငယ်တွင်  ၂၅-၂၃ မှတ်၊  ဒုတိယပွဲငယ်တွင် ၂၅-၂၀ မှတ်၊  တတိယပွဲငယ်တွင် ၂၅-၂၁ မှတ်ဖြင့်   သုံးပွဲပြတ်၊ အင်ဒိုနီးရှားအသင်းကို  ပထမပွဲငယ်တွင် ၂၅-၁၅ မှတ်၊ ဒုတိယပွဲငယ်တွင် ၂၅-၂၂ မှတ်၊ တတိယပွဲ ငယ်တွင် ၂၅-၁၉ မှတ်ဖြင့် သုံးပွဲပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုနှစ်ပွဲစလုံး အရေးနိမ့်ခဲ့သဖြင့် ဆီမီးဖိုင်နယ်နှင့်  လွဲချော်ခဲ့ပြီး  အဆင့် ၅/၇ နေရာလုပွဲ ထပ်မံကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု (A)မှ အဆင့်(၄)နေရာရအသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး အနိုင်ရပါက အဆင့် ၅/၆ နေရာလုပွဲ ထပ်မံကစားခွင့်ရမည် ဖြစ်သည်။

အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသမီးအသင်းမှာမူ အဆင့် (၇)နေရာဖြင့် ကျေနပ်ခဲ့ရသည်။ မြန်မာအသင်းသည် အုပ်စုပွဲများတွင် ဗီယက်နမ်အသင်းကို သုံးပွဲပြတ်၊ အင်ဒိုနီးရှားအသင်းကို သုံးပွဲပြတ်၊ မလေးရှားအသင်းကို ၃-၁ ပွဲဖြင့် ရှုံးနိမ့်ခဲ့ပြီး အဆင့်လုပွဲ ထပ်မံကစားရာ စင်ကာပူအသင်းကို   သုံးပွဲပြတ်အရေးနိမ့်ခဲ့သဖြင့် အဆင့်(၇) နေရာသာ ရခဲ့ခြင်းဖြစ်သည်။

သတင်း - ထွဏ်းသွေးအိမ်

ဓာတ်ပုံ - MVF