ရန်ကုန် ဒီဇင်ဘာ ၁၅
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၁၅ ရက်က ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် အုပ်စုနှစ်ပွဲ စလုံးရှုံးနိမ့်ပြီး အဆင့်လုပွဲ ထပ်မံကစားရမည်ဖြစ်သည်။
မြန်မာအမျိုးသားဘော်လီဘောအသင်းသည် အုပ်စုပွဲများတွင် ဖိလစ်ပိုင်အသင်းကို ပထမပွဲငယ်တွင် ၂၅-၂၃ မှတ်၊ ဒုတိယပွဲငယ်တွင် ၂၅-၂၀ မှတ်၊ တတိယပွဲငယ်တွင် ၂၅-၂၁ မှတ်ဖြင့် သုံးပွဲပြတ်၊ အင်ဒိုနီးရှားအသင်းကို ပထမပွဲငယ်တွင် ၂၅-၁၅ မှတ်၊ ဒုတိယပွဲငယ်တွင် ၂၅-၂၂ မှတ်၊ တတိယပွဲ ငယ်တွင် ၂၅-၁၉ မှတ်ဖြင့် သုံးပွဲပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုနှစ်ပွဲစလုံး အရေးနိမ့်ခဲ့သဖြင့် ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့ပြီး အဆင့် ၅/၇ နေရာလုပွဲ ထပ်မံကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု (A)မှ အဆင့်(၄)နေရာရအသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး အနိုင်ရပါက အဆင့် ၅/၆ နေရာလုပွဲ ထပ်မံကစားခွင့်ရမည် ဖြစ်သည်။
အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသမီးအသင်းမှာမူ အဆင့် (၇)နေရာဖြင့် ကျေနပ်ခဲ့ရသည်။ မြန်မာအသင်းသည် အုပ်စုပွဲများတွင် ဗီယက်နမ်အသင်းကို သုံးပွဲပြတ်၊ အင်ဒိုနီးရှားအသင်းကို သုံးပွဲပြတ်၊ မလေးရှားအသင်းကို ၃-၁ ပွဲဖြင့် ရှုံးနိမ့်ခဲ့ပြီး အဆင့်လုပွဲ ထပ်မံကစားရာ စင်ကာပူအသင်းကို သုံးပွဲပြတ်အရေးနိမ့်ခဲ့သဖြင့် အဆင့်(၇) နေရာသာ ရခဲ့ခြင်းဖြစ်သည်။
သတင်း - ထွဏ်းသွေးအိမ်
ဓာတ်ပုံ - MVF


