ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ
နံနက် ၆ နာရီတွင် မဲရုံဖွင့်လှစ်မည်ဖြစ်သော်လည်း နံနက် ၅ နာရီဝန်းကျင်မှစတင်ကာ မဲဆန္ဒရှင် ပြည်သူများသည် ဒီဇင်ဘာ၏ အအေးဒဏ်ကိုအန်တု၍ တဖွဲဖွဲရောက်ရှိလာကြသည်။ ပြည်သူများသည် သက်ဆိုင်ရာမဲရုံများအလိုက် ဆန္ဒမဲပေးရန် စိတ်အားထက်သန်စွာ တန်းစီစောင့်ဆိုင်းကြပြီး မဲရုံဖွင့်သည်နှင့် လွတ်လပ်စွာ ဆန္ဒမဲများပေးခဲ့ကြသည်။
မဲဆန္ဒရှင်ပြည်သူများ၏ အနာဂတ်အတွက် မျှော်မှန်းချက်၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အသိပညာပြည့်ဝမှု (Voter Education)၊ မဲပေးစဉ် ကြုံတွေ့ရသည့်အခက်အခဲ၊ လွတ်လပ်စွာ မဲပေးနိုင်မှုရှိ/မရှိ အခြေအနေတို့ကို နိုင်ငံတကာနှင့် ပြည်တွင်းအခြေစိုက်နိုင်ငံခြားသံရုံးများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိမဲရုံများသို့ သွားရောက်၍ စောင့်ကြည့်လေ့လာဆွေးနွေးမှုများ ဆောင်ရွက်ကြသည်။
ထို့ပြင် မဲရုံမှူးများ၊ ကိုယ်စားလှယ်လောင်းများနှင့်တွေ့ဆုံကာ ဆန္ဒမဲပေးရန် ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ အီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လွယ်ကူလျင်မြန်စွာမဲပေးနိုင်မှုအပါအဝင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းလေ့လာကြသည်။
ထိုသို့ စောင့်ကြည့်လေ့လာမှုများ ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတကာနှင့် နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများ၏ မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနေမှုနှင့် ပတ်သက် ၍ သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ရပါသည်။
H.E Mr. Sholban Kara-Ool
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ
မြန်မာနိုင်ငံက ရွေးကောက်ပွဲကျင်းပနေတာကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအနေနဲ့ လာရောက်လေ့လာခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြည်သူတွေဆန္ဒမဲပေးဖို့ တန်းစီစောင့်ဆိုင်းပြီး မှန်ကန်တဲ့အစိုးရတစ်ရပ်ကို ရွေးချယ်နေတယ်၊ အနာဂတ်ကို ရွေးချယ်နေတယ်ဆိုတာ ကြည့်ရုံနဲ့သိရပါတယ်။ နိုင်ငံ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်လည်း လာရောက်စစ်ဆေး ကြီးကြပ်နေတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပြည်သူတွေရော နိုင်ငံ့ခေါင်းဆောင်တွေပါ ရွေးကောက်ပွဲကို စိတ်အားထက်သန်ကြတယ်ဆိုတာ တွေ့ရတယ်။ ပြည်သူတွေကသူတို့အတွက် ခေါင်းဆောင်၊ မှန်ကန်တဲ့အစိုးရကို လျှို့ဝှက်စွာ ဆန္ဒမဲပေးရွေးချယ်နေကြတယ်။
ဒီလိုဆန္ဒမဲပေးနိုင်အောင်လည်း စနစ်တကျစီစဉ်ထားတာတွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ရွေးကောက်ပွဲကို ဒီလိုပုံစံအတိုင်း ကျင်းပပါတယ်။ အခုလိုကျင်းပနိုင်ခြင်းက စစ်မှန်တဲ့အစိုးရ တစ်ရပ်ထွက်ပေါ်လာမယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော်မြင်ရတာ ဒီရွေးကောက်ပွဲမှာ ပါတီတွေအများကြီး ဝင်ရောက်ယှဉ်ပြိုင်တာ တွေ့ရပါတယ်။ ပါတီရဲ့မူဝါဒတွေအပေါ်မှာ ပြည်သူတွေက နိုင်ငံအတွက် သင့်လျော်မယ့်ခေါင်းဆောင်ကို ဆုံးဖြတ်ရွေးချယ်နေကြတယ်။ ဒီစနစ်က ဒီမိုကရေစီလမ်းကြောင်းကိုသွားမယ်ဆိုရင် အင်မတန်ကောင်းမွန် တဲ့စနစ်ဖြစ်ပါတယ်။ ပြည်သူတွေက အခုလိုစိတ်အားထက်သန်စွာ မဲပေးနေတာနိုင်ငံကို ပိုမိုကောင်းမွန်စေလိုတဲ့ စိတ်ဆန္ဒရှိတယ်ဆိုတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲကို အောင်မြင်အောင် ပြုလုပ်နေတယ်။ နိုင်ငံ့အကြီးအကဲတွေကလည်း ဒီလိုအခြေအနေဖြစ်အောင် စိတ်အားထက်သန်စွာ ဖန်တီးပေးကြတယ်။ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်တွေပေါ်လာမယ်၊ အစိုးရအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်ကြမယ်။ နိုင်ငံတည်ငြိမ်အေးချမ်း အောင် အစိုးရသစ်က ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပြီး ဒီကတစ်ဆင့် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
Mr.Siarhei MIALESHKIN
ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် အမြဲတမ်းကောင်စီဝင်
ဒီနေ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပနေတာကို လာရောက်လေ့လာတာဖြစ်ပါတယ်။ အခုလိုလိုက်ပြီး စောင့်ကြည့်လေ့လာတဲ့အခါ မဲပေးဖို့လာတဲ့လူတွေက စိတ်ဝင်တစားနဲ့ တက်တက်ကြွကြွရှိကြတယ်။ မဲပေးဖို့ စီစဉ်ထားတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကလည်း ဥပဒေနဲ့အညီ စနစ်တကျရှိတာကို တွေ့ရပါတယ်။ မဲပေးတဲ့ပြည်သူတွေ စိတ်အေးချမ်းသာစွာ မဲပေးနိုင်အောင်၊ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ထားတာလည်း တွေ့ရပါတယ်။ ပြည်သူတွေကလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆန္ဒမဲပေးနေကြတာတွေ့ရပါတယ်။
Mr. Yerman Mukhtar
ကာဇက်စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ
ဒီလိုရွေးကောက်ပွဲကျင်းပနိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်တယ်ဆိုတာ အရင်ဆုံးပြောကြားလိုပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲအောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ဖို့ အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ထားတာ တွေ့ရပါတယ်။ နောက်တစ်ချက်က ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားကြတယ်။ လာရောက် မဲပေးတဲ့သူတွေထဲမှာ လူငယ်တွေအများအပြား တွေ့ရပါတယ်။ ဒါကလည်းကောင်းမွန်တဲ့အချက် ဖြစ်ပါတယ်။ မဲရုံတွေမှာ ပြည်သူတွေအေးအေးချမ်းချမ်း မဲပေးလို့ရအောင် လုပ်ဆောင်ထားတာကိုတွေ့ရပြီး အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုပြီးမဲပေးကြတာကိုလည်း တွေ့ရပါတယ်။

H.E. Mr. Mario Jose Armengol Campos
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါသံအမတ်ကြီး
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကျင်းပနေမှုကို အခုလိုလာရောက်လေ့လာခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ လေ့လာရတဲ့အခါ မဲဆန္ဒရှင်ပြည်သူတွေက စိတ်လက်အေးချမ်းစွာ၊ လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးနိုင်တာတွေ့ရတယ်။ အီလက်ထရောနစ် မဲပေးစက်အသုံးပြုပြီး မဲပေးတဲ့စနစ်ကလည်း အင်မတန်ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကိုအသုံးပြုခြင်းအားဖြင့် ပိုမိုလုံခြုံစွာမဲပေးနိုင်ပြီး ရလဒ်တွေကိုလည်း လျင်လျင်မြန်မြန် ရေတွက်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို အခုလိုအောင်အောင်မြင်မြင် ကျင်းပနိုင်ခြင်းက မြန်မာပြည်သူတွေအတွက် ကောင်းမွန်တဲ့ အနာဂတ်ဖော်ဆောင်နိုင်မယ်လို့ ထင်မြင်ပါတယ်။
“အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၁)အတွက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၊ အပိုင်း ( ၂ )အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ နှင့် အပိုင်း ( ၃ ) အ တွက် ၂၀၂၆ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ် ၆၃ မြို့နယ်တို့၌ အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲများ ဖြစ်ပေါ်စေရန် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် နိုင်ငံတကာအသိုက်အဝန်းက အားပေးထောက်ခံမှုကို ဖော်ပြသည့်အနေဖြင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူပေါင်း ၁၆၂ ဦးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်းလိုက် အောင်မြင်စွာကျင်းပနေမှုများကို ပါဝင်စောင့်ကြည့်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
အင်တာဗျူး- သူရကျော်စွာ
ဓာတ်ပုံ- ဖိုးပြည့်စုံ


