နေပြည်တော် ဇန်နဝါရီ ၄

 

မြိတ်မြို့နယ်တွင် ငွေကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီခွဲတွင် မြိတ်မြို့နယ် တက္ကသိုလ်ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းမပေါ်တွင် မြိတ်မြို့နယ် ကျွဲကူးကျေးရွာနေ အောင်ထွန်းမင်း (ခ) ကုလား (၄၉) နှစ် မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ သိမ်းဆည်းရမိသည်။ 

 

စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းနေ့ည ၉ နာရီခွဲတွင် ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၅ သိန်း ထပ်မံသိမ်းဆည်းရမိသဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၇ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၃၁ ဘီလီယံ) သိမ်းဆည်းရမိခဲ့သည်။

 

ကွင်းဆက်ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ မြိတ်မြို့ မြိတ်တောင်ရပ်ကွက်နေ အောင်မျိုးလွင် (၄၂) နှစ်ကို ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီခွဲတွင် ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။ 

 

စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ပုလောမြို့နေ ကျော်စွာစိုး (ခ) ကုလား (ဖမ်းဆီးရန်ကျန်) မှ မြိတ်မြို့ အဝေးပြေးကားဝင်းအဟောင်းသို့ လာရောက်ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်