ဗညားဦး

ရွေးကောက်ပွဲအပိုင်း (၂) အတွက် မဲရုံတံခါးကြီးက ဇန်နဝါရီ ၁၁ ရက်တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) တွင်ပါဝင်သည့် မဲဆန္ဒနယ်များမှ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲပေးကြတော့မည်။ နိုင်ငံအတွင်းမှ မြို့နယ် ၁၀၀ တွင် ရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ထို့အတူ မဲဆန္ဒရှင်ပြည်သူတိုင်း အေးချမ်းလုံခြုံစွာ ဆန္ဒနှင့်အညီ လွတ်လွတ်လပ်လပ်ဆန္ဒမဲပေးနိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်သည်။

ပြည်သူများ၏ဆန္ဒမှန်သည် အများယုံကြည် လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ ဦးတည်နိုင်ရေးဖြစ်သည်။ ထို့အတွက် ပြည်သူ့ဆန္ဒနှင့်ကိုက်ညီသည့်၊ ပြည်သူ များကိုယ်တိုင် လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ပါဝင်ရွေးချယ်ကြသည့် အောင်မြင်သော ရွေးကောက်ပွဲအပိုင်း (၁) ဖြစ်ခဲ့သည်။ ရွေးကောက်ပွဲအပိုင်း (၁) ကဲ့သို့ ရွေးကောက်ပွဲအပိုင်း (၂) သည် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ကို ပြည်သူများက နားလည်ယုံကြည် လက်ခံထားပြီးဖြစ်သည်။

သဘောထားမှတ်ချက်ပြုမှု ပြောကြား

ထို့အတူ နိုင်ငံတကာစောင့်ကြည့်လေ့လာရေး အဖွဲ့များကလည်း လွတ်လပ်သည့်၊ ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲဖြစ်သည်ဟု သဘောထားမှတ်ချက်ပြုမှု ပြောကြားခဲ့ကြသည်။ နိုင်ငံတကာ ရွေးကောက်ပွဲများကို အကြိမ်ကြိမ်စောင့်ကြည့် လေ့လာဖူးသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းစွာမှတ်ချက်ပြုထားပြီး ဖြစ်သည်။

“ကျွန်တော်တို့ မဲပေးတဲ့ပြည်သူတွေကို သွားရောက်ပြီး နှုတ်ဆက်စကားနဲ့ အခြားမေးမြန်းမှု အနည်းငယ်ပြုလုပ်ခဲ့ပါတယ်။ သူတို့အားလုံးက တက်ကြွနေကြပါတယ်။ ရွေးကောက်ပွဲကို စိတ်ဝင် တစားလည်းရှိကြပါတယ်။ ပျော်ရွှင်တက်ကြွစွာ မဲပေးဖို့ ပြင်ဆင်နေတဲ့အကြောင်း သူတို့ပြောပါတယ်။ ပါတီတွေက စောင့်ကြည့်နေတဲ့ကိုယ်စားလှယ် တွေကလည်း သူတို့အလုပ်ကို ဂရုတစိုက်လုပ်ဆောင်နေကြတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ မဲပေးတဲ့သူ တချို့ဟာ သူတို့မိသားစုဝင်တွေနဲ့ မဲရုံတွေမှာ စောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။ ဒါက တကယ့်ကို အပေါင်းလက္ခဏာဆောင်တဲ့သဘော ဖြစ်ပါတယ်။ ဒီလိုမျိုးတွေကိုကြည့်ရတာ ကျွန်တော်တို့ အနေနဲ့ ရွေးကောက်ပွဲကို ပြည်သူတွေက ယုံကြည်မှုရှိတယ်၊ လုံခြုံရေးကိစ္စရပ်တွေကိုလည်း ယုံကြည်မှုရှိတယ်ဆိုတဲ့ သဘောလက္ခဏာတွေကို ဆောင်ပါတယ်။ ဒါကြောင့် အခုကျင်းပတဲ့ရွေးကောက်ပွဲအပေါ်မှာ ကျွန်တော့်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်”

ရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်သည်။ နိုင်ငံနှင့် ပြည်သူအတွက် ကောင်းမွန်သော နိုင်ငံရေးအသွင် ကူးပြောင်းမှုတစ်ခုကို ဖော်ဆောင်ပေးရန် ရည်ရွယ်သည်။ အပိုင်း (၃) ပိုင်းဖြင့် ကျင်းပမည့် ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ်ထားသော အရပ်သားအစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရေးဖြစ်သည်။

ထို့ကြောင့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး အာမခံ ထားသည်။ ပွင့်လင်းမြင်သာစွာ ကျင်းပခဲ့သည်။ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ သံတမန်များ၊ ပြည်တွင်းပြည်ပမီဒီယာများကို စောင့်ကြည့်လေ့လာခွင့်၊ သတင်းရယူခွင့် ပြုပေးခဲ့ သည်။ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများမှ သတင်းမီဒီယာသမားများ စုစုပေါင်း ၁၅၀၀ ကျော် လာရောက်ခဲ့ကြသည်။ အများစုက ပကတိအခြေအနေမှန်ကိုလေ့လာပြီး အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲအဖြစ် ရှုမြင်ခဲ့ကြပါသည်။

သို့သော် ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံရေးထောင်ချောက် ဖန်တီးလိုသူများက ပကတိအခြေ အနေမှန်ကို ဖုံးကွယ်ရန် ကြိုးစားခဲ့ကြသည်။ ရွေးကောက်ပွဲမအောင်မြင်စေရန် သတင်းမှားများ၊ သတင်းတုများကို ဖန်တီးဖြန့်ဝေခဲ့ကြသည့်အပြင် ရွေးကောက်ပွဲအပိုင်း (၁) ကို အနှောင့်အယှက် ဖြစ်စေရန် မြို့နယ်အချို့တွင် အကြမ်းဖက်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ မကောင်းမှုဖြစ်သည့် အလျောက် အောင်မြင်မှုမရရှိခဲ့ကြပါ။

လွတ်လပ်အေးချမ်းစွာ မဲပေးနိုင်ခဲ့ကြ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့သည် နိုင်ငံ့အရေးအတွက် ထူးခြားသောနေ့၊ ရွေးကောက် ပွဲအောင်မြင်သော နေ့ထူးနေ့မြတ်တစ်ခုဖြစ်ခဲ့ပါသည်။ ပြည်သူများက လွတ်လပ်အေးချမ်းစွာ မဲပေးနိုင်ခဲ့ကြသည်။ နံနက်ဝေလီဝေလင်း မဲရုံမဖွင့်မီကပင် မဲရုံများရှေ့ ပြည်သူအများ စုစည်းရောက်ရှိပြီး မဲရုံဖွင့်သည်နှင့် မဲပေးခဲ့ကြသည်။ မဲရုံပိတ်ချိန်အထိ တဖွဲဖွဲ လာရောက်မဲပေးခဲ့ကြသည်။ ပြည်သူများက မဲပေးခြင်းဖြင့် နိုင်ငံသားတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်။ အပိုင်း (၁) ရွေးကောက်ပွဲနေ့သည် လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းပင်။ ထိုအခြေအနေသည် ပကတိအခြေအနေမှန်။

ထို့ပြင် မဲပေးသည့် လုပ်ငန်းစဉ်သည်လည်း ရှင်းလင်းခဲ့သည်။ မဲမသမာမှုများ မဖြစ်ပွားစေရန် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခဲ့သည်။ MEVM တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံ စသည်တို့က ရှင်းရှင်းလင်းလင်းရှိခဲ့သည်။ အများ ယုံကြည်လက်ခံခဲ့သည်။

ထိုကဲ့သို့ အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲကို ကျင်းပပြီး ပြည်သူတစ်ဦး တစ်ယောက်ချင်းစီ လွတ်လပ်စွာ ဆန္ဒပြုရွေးချယ်ခဲ့ကြသည့် ရွေးကောက်ပွဲအပိုင်း (၁) ၏ ရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်နေပြီဖြစ်သည်။ ရလဒ်သည် ပြည်သူ့ဆန္ဒ နှင့်အညီသာဖြစ်သည်။ ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များသာဖြစ်သည်။

ပြည်သူများအနေဖြင့် အပိုင်း (၂) နှင့် အပိုင်း (၃) အတွက် ပြည်သူ့ကိုယ်စားလှယ်များကို ဆက်လက် ရွေးချယ်ကြရဦးမည်ဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း(၃)ပိုင်းကို အောင်အောင် မြင်မြင် ကျင်းပပြီးစီးသည့်အခါ ရွေးကောက်ခံ အစိုးရသစ် တာဝန်ထမ်းဆောင်မည်ဖြစ်ပါသည်။ ရွေးကောက်ပွဲမှသည် အနိုင်ရကိုယ်စားလှယ်များသည် လွှတ်တော်အသီးသီးတွင် တာဝန်ယူ ထမ်းဆောင်ကြမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက သုံးဦးသော ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက်ကြမည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတကို ရွေးချယ်တင်မြှောက်မည်ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတကအစိုးရအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲခရီးက ရိုးရှင်းပါသည်။

သို့သော် မရိုးသားသူများက ရှိနေသေးသည်။ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှု၊ မြန်မာပြည်သူ ပြည်သားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ပြုနိုင်ရန် အစဉ်ကြိုးပမ်းနေသူများရှိသည်။ ရွေးကောက်ပွဲ အပိုင်း (၁) က အောင်အောင် မြင်မြင်ပြီးဆုံးခဲ့သည်ဆိုသော်လည်း အနှောင့်အယှက် မကင်းခဲ့ပါ။ ပြည်သူများ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျော့နည်းစေရန်၊ အေးချမ်းစွာ ဆန္ဒမဲမပေးနိုင်ရန် အကြမ်းဖက်မှုများ၊ နှောင့်ယှက်မှုများ ရှိခဲ့သည်။

ပြည်သူ့ဆန္ဒမှန်များကို မဲပေးခြင်းဖြင့် ရွေးချယ်ကြ

အနှောင့်အယှက်များကို အစဉ်သတိပြုရမည် ဖြစ်သလို ကမ္ဘာ့နိုင်ငံရေးကိုလည်း သတိပြုလေ့လာ ကြရမည်ဖြစ်ပါသည်။ လက်ရှိကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအရ ကမ္ဘာ့နိုင်ငံများအချင်းချင်း အင်အားပြိုင်ဆိုင်မှု ပြင်းထန်လျက်ရှိသည်။ အငြင်းပွားစရာများ၊ အမုန်းပွားစရာများနှင့် ရှုပ်ထွေးပွေလီသော ပဋိပက္ခများ တည်ရှိနေသည်။ ရှုပ်ထွေးပွေလီသော ကမ္ဘာ့နိုင်ငံရေးပဋိပက္ခများနှင့် ကင်းဝေးပြီး အမိမြန်မာနိုင်ငံတော်ကြီး တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှု စဉ်ဆက်မပြတ် ဆောင်ကြဉ်းနိုင်ရန် နိုင်ငံသားအားလုံးက အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အတူ နိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးအတွက် ရွေးကောက်ပွဲ အပိုင်း (၂) နှင့် အပိုင်း (၃) အောင်အောင်မြင်မြင်ပြီးစီးရန် လည်း လိုအပ်ပါသည်။ မြန်မာ့ရွေးကောက်ပွဲသည် မြန်မာပြည်သူများ၏ အကျိုးအတွက်သာ ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်ကို ယုံကြည်နားလည်ပြီး ပြည်သူ့ဆန္ဒမှန်များကို မဲပေးခြင်းဖြင့် ရွေးချယ်ကြ ရမည်ဖြစ်ပါသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူတစ်ဦး တစ်ယောက်ချင်းစီက နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းကို ကိုယ်တိုင် ဆန္ဒပြုရွေးချယ်ပေးရန် အရေးကြီးပါသည်။ သို့ဖြစ်ရာ ဇန်နဝါရီလ ၁၁ ရက်နေ့နှင့် ဇန်နဝါရီလ ၂၅ ရက်နေ့တို့တွင် မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများကို သက်ဆိုင်ရာနယ်မြေဒေသများရှိ မဲရုံများက တံခါးဖွင့်ကြိုဆိုနေမည်ဖြစ်သည့်အတွက် မဲရုံဆီသို့ အရောက်လှမ်းချီရင်း ဆန္ဒနှင့်အညီ မဲပေးကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။