နေပြည်တော် ဇန်နဝါရီ ၁၂
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်များအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သည်။ မိုင်းရယ်မြို့ အနောက်တောင်ဘက် ၂၀ ကီလိုမီတာခန့်အကွာ ဒုတိယနေရာမှ လက်ရှိသိမ်းဆည်းရမိသော ဓာတုပစ္စည်းများအပေါ် ခန့်မှန်းတွက်ချက်မှုအရ အိုက်စ် ၂၇ တန်ခန့် (တန်ဖိုးငွေကျပ် ၅၄၀ ဘီလီယံ) ထုတ်လုပ်နိုင်ပြီး စိတ်ကြွဆေးပြားအဖြစ် ပြောင်းလဲထုတ်လုပ်ပါက စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည်။
အဆိုပါနေရာမှ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို လေ့လာဖော်ထုတ်သုံးသပ်ချက်အရ အိုက်စ် ၂၇ တန် (သို့မဟုတ်) စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့်ထက် ပိုမိုများပြားသည့် မူးယစ်ဆေးဝါးများကို ပုံမှန်ထုတ်လုပ်နေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
အဆိုပါ ဒုတိယနေရာနှင့် ၎င်း၏အနောက် တောင်ဘက် ၁၉ ကီလို မီတာခန့်အကွာ တတိယနေရာတို့တွင် GUAN YIN WANG စာတန်းပါ ထုပ်ပိုးခွံများနှင့် တရုတ်စာတန်းပါ ထုပ်ပိုးခွံအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် သိမ်းဆည်းရမိခဲ့သည့် အိုက်စ် ၃၇ ဒသမ ၈၁၅ တန်အနက် GUAN YIN WANG စာတန်းပါ ထုပ်ပိုးခွံဖြင့် ထုပ်ပိုးထားသည့် အိုက်စ် ၁၁ ဒသမ ၆၈၆ တန်နှင့် တရုတ်စာတန်းပါ ထုပ်ပိုးခွံဖြင့် ထုပ်ပိုးထားသည့် အိုက်စ် သုည ဒသမ ၉၆ တန် စုစုပေါင်း ၁၂ ဒသမ ၆၄၆ တန် (စုစုပေါင်း ကာလ တန်ဖိုးငွေကျပ် ၂၅၂ ဒသမ ၉၂ ဘီလီယံ) သိမ်းဆည်းရမိခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါနေရာနှစ်ခုမှ ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် ပမာဏမှာ ၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ သိမ်းဆည်းရမိခဲ့သည့် အိုက်စ် ပမာဏ၏ ၃၃ ဒသမ ၄၄ ရာခိုင်နှုန်းခန့်ရှိကြောင်း ဖော်ထုတ်တွေ့ရှိရသည်။
သို့ဖြစ်ပါ၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၀ ရက်၊ ၁၁ ရက်တို့တွင် ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ သုံးခုသည် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများဖြစ်ကြောင်း စိစစ်တွေ့ရှိရမှုအား သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်


