နေပြည်တော် ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် လေရှီးမြို့ မြို့တော်ခန်းမ၌ လေရှီးမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ အဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တပ်မတော် အရာရှိကြီးများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နာဂဒေသ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး နှင့် စီမံကိန်းလုပ်ငန်းများဆိုင်ရာ အခြေအနေများကို လည်းကောင်း၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု ကော်မတီများက ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးစေလိုမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးသည်။ ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒေသအဆင့်ဌာနဆိုင်ရာများသို့ ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


