ဝါရှင်တန် ဇန်နဝါရီ ၁၈

ဉာဏ်ရည်တုနည်းပညာ အေအိုင်ပလပ်ဖောင်းတစ်ခုဖြစ်သည့် ChatGPT တွင်  ကြော်ငြာများကို လာမည့်ရက်သတ္တပတ်အတွင်း စတင်ထည့်သွင်းမည်ဖြစ်ကြောင်း အမေရိကန်နည်းပညာကုမ္ပဏီ OpenAI က ယမန်နေ့တွင် ပြောကြားခဲ့သည်။

ကြော်ငြာထည့်သွင်းမှုအတွက် တစ်လလျှင် ရှစ်ဒေါ်လာသတ်မှတ်ထားကြောင်း သိရသည်။   ကြော်ငြာများသည် ChatGPT ၏အဖြေများ အောက်တွင် ပေါ်လာမည်ဖြစ်ပြီး chatbot မှပေးသော အဖြေများကို ထိခိုက်စေမည်မဟုတ်ကြောင်းနှင့် ChatGPT နှင့်အပြန်အလှန်ပြောကြား၊ ဖြေကြားမှု အချက်အလက်များကိုလည်း ကြော်ငြာရှင်များထံ ရောင်းချမည်မဟုတ်ကြောင်း OpenAI က ပြောကြားခဲ့သည်။

ChatGPT ကို အပတ်စဉ် သန်း ၈၀၀ ကျော် အသုံးပြုလျက်ရှိသော်လည်း အများစုမှာ အခမဲ့ဗားရှင်းကိုသာ အသုံးပြုနေသည်။

ပြည်သူများက ဉာဏ်ရည်တုနည်းပညာကို အသုံးပြုချင်သော်လည်း ငွေကြေးကုန်ကျမခံချင်ကြောင်း  OpenAI ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဆမ်အော်မန်က ပြောကြားခဲ့သည်။ ယင်းကြောင့် စီးပွားရေးအတွက် ဝင်ငွေရရှိရန် ကြော်ငြာထည့်သွင်းခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

OpenAI ကုမ္ပဏီသည် ဉာဏ်ရည်တုနည်းပညာ တီထွင်ထုတ်လုပ်ခြင်းအတွက် များပြားသော ကုန်ကျစရိတ်များကို ပြန်လည်ပြည့်မီစေရန် ဝင်ငွေအရင်းအမြစ်အသစ်ကို ရှာဖွေနေကြောင်း လေ့လာသူများက သုံးသပ်ပြောကြားသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်